Thursday, November 19, 2009

KMKZ - RFA 05

နယ်စပ်လမ်းက ဝမ်းတထွာ - ၅

ခိုင်မာကျော်ဇော

နိုဝင်ဘာ ၁၉၊ ၂၀၀၉

လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်က ရွာကြီးတရွာ အရွယ်လောက်သာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့လေးဟာ ယနေ့အခါမှာတော့ ကုန်တိုက်ကြီးတွေ၊ အရောင်းဆိုင်ကြီးတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကာရာအို ကေဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ စည်ကားတဲ့ မြို့တမြို့ဖြစ်လာနေပါပြီ။

စီးပွားရေး တိုးတက်လာတာနဲ့အမျှ မဲဆောက်မြို့နဲ့ မဲဆောက်မြို့ပတ်ဝန်းကျင် မြို့၊ ရွာတွေမှာ တိုက်တာ အဆောက်အဦတွေ တနေ့တခြားများပြားလာသလို ဆောက်လုပ်ရေးနဲ့ လမ်းတံတားဖောက်လုပ်ရေး အလုပ်တွေလည်း များပြားလာ ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ဆောက်လုပ်ရေးနဲ့ လမ်းတံတား ဖောက်လုပ်ရေးတွေမှာ အခြေခံကျတဲ့ ပန်းရံအလုပ်နဲ့ တိုက်တာအဆောက်အဦတွေကို ဆေးသုတ်တဲ့အလုပ်ကို လုပ်ကိုင်နေကြသူတွေကတော့ မြန်မာနိုင်ငံသား အလုပ်သမားတွေပါ။

ဒီအလုပ်ကို ထိုင်းကန်ထရိုက်တာတွေရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုအရ လပြတ်၊ ပုတ်ပြတ်လုပ်ကိုင် နေကြသူတွေရှိ သလို၊ တနေ့ ဘတ် ၅ဝ၊ ၆ဝနဲ့ အုတ်သယ်၊ ကျောက်သယ်၊ မဆာလာသယ်၊ ဆေးသုတ်တဲ့ အလုပ်တွေကို နေ့စားလုပ်ကိုင် နေကြသူ တွေလည်းရှိပါတယ်။

မဲဆောက်မြို့၊ မယ်ပရပ်ကွက်က အသက်(၁၄)နှစ်အရွယ် မောင်သံချောင်းနဲ့ ဖခင်ဖြစ်သူတို့ဟာ ထိုင်းသူဌေးတဦး ဦးစီး လုပ်ကိုင်နေတဲ့ အိမ်ယာဆောက်လုပ်ရေးအလုပ်အမှာ နေ့စားလုပ်ကိုင် နေကြသူတွေပါ။ အရင်က ဒီအလုပ်ကို သံချောင်းရဲ့ ဖခင်တဦးတည်းသာ လုပ်ကိုင်ပြီး သံချောင်းတို့ မိသားစုဝင်(၇)ဦးကို ရှာဖွေ ကျွေးမွေးခဲ့တာပါ။ အိမ်ခန်းဌားခတွေ ကုန်ဈေး နှုန်းတွေ မြင့်တက်လာတော့ သံချောင်း ကျောင်းကထွက်ပြီး မဆလာသယ်တဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။

ထိုင်းအလုပ်ရှင်က အသက်ငယ်ပြီး မခိုမကပ် ပေါ့ပါးသွက်လက်တဲ့ သံချောင်းကို သဘောကျပေမယ့် အဆိုတော်ဖြစ် ချင်တဲ့ သံချောင်းကတော့ မဆာလာသယ်တဲ့ အလုပ်ကို သဘောမကျလှပါဘူး။

“ကျနော်က အဆိုတော်ပဲဖြစ်ချင်တာ။ နေပူထဲ မှာ မဆလာပုံးကြီးတွေသယ်ရတာ အရမ်းပင်ပမ်းတာပဲ၊ ကျနော်တို့ဆောက်တဲ့ တိုက်ကြီးတွေသာ ကျနော်တို့ နေရမယ်ဆိုရင် တော့ သိပ်ကောင်းမှာပဲ”

လို့ နေပူခံသနပ်ခါးတွေ အထူကြီးလိမ်းထားတဲ့ သံချောင်းက ပြောပါတယ်။

သံချောင်းရဲ့ ဖခင်ဟာ မဲဆောက်၊ မြဝတီ၊ မဲပ၊ အုန်းဖန်နယ်၊ မယ်စရင်းနယ်တဝိုက်က အိမ်ယာဆောက်လုပ်ရေးနဲ့ လမ်းဖောက်လုပ်ရေးအလုပ်ကို လုပ်ကိုင်လာခဲ့တာ ၁ဝ နှစ်နီးပါးရှိပါပြီ။ လုပ်သက်ကြာမှု၊ ရိုးသားကျိုးစားမှုကြောင့် ကန် ထရိုက်တာတချို့ရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုကိုလည်း ရှိထားသူပါ။ ထိုင်းစကားလည်း အတန်အသင့် တတ်တာမို့ ကန်ထရိုက်တာ တွေကဆင့် အဆောက်အဦးတွေ၊ အိမ်ယာတွေကို ဆေးသုတ်တဲ့အလုပ်တွေကို ပုတ်ပြတ်လုပ်လေ့ ရှိပါတယ်။

“ကန်ထရိုက်တာကောင်းရင်တော့ ပုတ်ပြတ်လုပ်ရတာက နေ့စားလုပ်ရတာထက် ပိုပြီးကိုက်တယ်။ တနေ့ ဘတ်၅ဝ၊ ၆ဝ ပေးရင် ဒီလုပ်ကို လုပ်ချင်ကြချင်တဲ့ မြန်မာအလုပ်သမားတွေ အများကြီးပဲ။ အရေးကြီးတာက ကိုယ့်ကို ပုတ်ပြတ်၊ လပြတ်အပ်တဲ့ ကန်ထရိုက်တာတွေ ကောင်းဖို့၊ ငွေချေတာမှန်ဖို့ပဲ”လို့ ဦးမင်းစိန်က ပြောပါတယ်။

အလုပ်ပြီးမြောက်တဲ့အချိန်မှာ ငွေမချေ၊ အတွေ့မခံပဲ လိမ်ပြေးလေ့ရှိတဲ့ ကန်ထရိုက်တာတွေကြောင့် ဒုက္ခရောက်ကြ ရတဲ့ ပုတ်ပြတ်၊ လပြတ်အလုပ်သမားတွေရှိသလို အလုပ်သမားခေါင်းဆောင်တွေရဲ့ လုပ်အားခေါင်းပုံဖြတ်မှုနဲ့ အနိုင်ကျင့်ဗိုလ်ကျ မှုတို့ကြောင့် လုပ်အားခမရပဲ၊ ရဲစခန်းရောက်၊ ဆေးရုံရောက်ရတဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးရှိပါတယ်။

“တချို့ ကန်ထရိုက်တာတွေ၊ အလုပ်သမားခေါင်းတွေက အရမ်းညစ်ပတ်တာ။ အလုပ်ခိုင်းတော့ တနေ့ ဘတ် ၅ဝ၊ ၆ဝပဲ ပေးရတဲ့ ကျနော်တို့ မြန်မာတွေကို တအားခိုင်းတယ်။ သူတို့ထိုင်းတွေဆို တနေ့ ဘတ် ၁ဝဝ၊ ၁၃ဝ ပေးပြီး သိပ်မခိုင်းဘူး။ ငွေပေးရမယ့်အချိန်ကြတော့ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ညစ်ပတ်ချင်တယ်။ သူတို့ပစ္စည်းတွေ ပျောက်တယ်။ ကျနော်တို့တွေ ခိုးတယ်ဆိုပြီး လူအုပ်နဲ့ဝိုင်းရိုက်တာတို့၊ ရဲကိုဖမ်းခိုင်းတာတို့ လုပ်တယ်”လို့ မြန်မာအလုပ်သမားတွေက ပြော ကြပါတယ်။

ဒီအဖြစ်တွေကို ကြုံဖူးတွေ့ဖူးလို့ လုပ်ငန်းရှင်ရွေး၊ ကန်တရိုက်တာရွေးပြီးလုပ်ကြတဲ့ အလုပ်သမားတွေရှိသလို မနက် စာမနက်၊ ညစာည ရှာစားနေကြသူတွေကတော့ အလုပ်မရွေး၊ လူမရွေးနေတော့ပဲ နေပူပူထဲမှာ အုတ်သယ်၊ ကျောက်သယ်၊ မဆလာသယ်၊ အိမ်ဆေးသုတ်တဲ့အလုပ်တွေကို သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး လုပ်ကိုင်နေကြပါတယ်။

အဲ့ဒီ အလုပ်သမားတွေထဲမှာ ကိုချစ်ဆွေတို့ ညီအကို(၃)ဦးလည်း ပါပါတယ်။ ဒီအလုပ်က သူတို့အဖေ အမွေပေးခဲ့တဲ့ အလုပ်ဖြစ်ပြီး သူတို့ လူလားမြောက်အောင်လည်း ဒီအလုပ်နဲ့ပဲ သူတို့အဖေက သူတို့ကို ရှာကျွေးခဲ့တာလို့ ကိုချစ်ဆွေက ပြောပါတယ်။

“အဖေက သူ့အလုပ်ကို သံယောဇဉ်သိပ်ကြီးတာ။ ဒီအလုပ်ကို ပင်ပမ်းတယ်လို့ပြောရင် သဘောမကျဘူး။ ဒီအလုပ် က ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်တဲ့။ မဲဆောက်မြို့က ဆေးရုံကြီးနဲ့ တိုက်အိမ်တွေကို အဖေတို့ ဆောက်ခဲ့တာကို လည်း ပြောလို့မဆုံးဘူး”လို့ ကိုချစ်ဆွေက ပြောပါတယ်။

ကိုချစ်ဆွေတို့ ညီအကိုတွေကလည်း မြဝတီ၊ မဲဆောက်နဲ့ မဲဆောက်ပတ်ဝန်းကျင်တဝိုက်က ကုန်တိုက်ကြီးတွေ၊ တိုက် တာအဆောက်အဦးတွေကို ဆောက်လုပ်ရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အခုလည်း မဲဆောက်ဝေလရပ်ကွက်က လုံးချင်းအိမ် ယာဆောက်လုပ်ရေးအလုပ်ကို သူတို့ ပုတ်ပြတ် လုပ်ကိုင်နေကြပါတယ်။ ဒီအလုပ်ကို ထိုင်းကန်ထရိုက်တာတဦးဆီက ပုတ် ပြတ်ယူပြီး မြဝတီနဲ့ မဲဆောက်ကို သူတို့ညီအကိုတွေ မနက်သွားညပြန် လုပ်ကိုင်နေကြတာပါ။

“ကျနော်တို့ အခုလုပ်ရတာက အဖေတို့ခေတ်လိုမကောင်းတော့ ကန်ထရိုက်တာကောင်းတွေ၊ မလိမ်မကောက်တဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ တွေ့ရပါစေလို့ ဆုတောင်းရတာ အမောပါပဲ ”လို့ကိုချစ်ဆွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဆောက်လုပ်ရေးအလုပ်ကို လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများစွာဟာ ကန်ထရိုက်တာ ကောင်းတွေ၊ စိတ်ကောင်းရှိတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆုံဖို့ဆုတောင်းကြတဲ့အပြင် ထိုင်းဘုရင်ကြီး သက် တော်ရာကျော်ရှည်ပါစေ။ ထိုင်းနိုင်ငံသားတွေ ချမ်းသာပါစေ။ တိုက်တာအဆောက်အဦးတွေ များများဆောက်နိုင်ကြပါစေလို့ ညစဉ်ညတိုင်း ဆုတောင်းနေကြပါတယ်။

Saturday, November 14, 2009

KMKZ - RFA 04


နယ်စပ်လမ်းက ဝမ်းတထွာ ၎
ခိုင်မာကျော်ဇော
နိုဝင်ဘာ ၁၄၊ ၂၀၀၉
မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ မြန်မာနဲ့ထိုင်း အလွယ်တကူ ဝင်ထွက်သွားလာလို့ရတဲ့ ဂိတ် ပေါင်းများစွာရှိပါတယ်။ အဲဒီဂိတ်တွေကနေ (၂)နှစ်နိုင်ငံ ပြည်သူတွေ ခိုးဝင်ခိုးထွက်လုပ်ကြသလို နှစ်နိုင်ငံကုန်ပစ္စည်းတွေ ခိုးတင် ခိုးချလုပ်ကြတာမို့ အဲဒီဂိတ်တွေကို ဒေသခံပြည်သူတွေက ခိုးပေါက်တွေ၊ ခိုးဂိတ်တွေလို ခေါ်ကြပါတယ်။

အဲဒီခိုးဂိတ်တွေကို ကြီးကြပ်နေကြတာက လက်နက်ကိုင်အဖွဲ့တွေပါ။ သောင်းရင်းမြစ်ကမ်းတလျှောက်မှာ ဘုရားကုန်း ဂိတ်၊ သစ်စက် ဂိတ်၊ ဒီကေဘီအေ ဂိတ်၊ ငြိမ်းချမ်းရေး ဂိတ်၊ ဝေါလေ ဂိတ်၊ (၁၁) ဂိတ်၊ (၁၂) ဂိတ်၊ (၁၃) ဂိတ်ကနေ အမှတ်စဉ် လိုက် ဂိတ်ပေါင်း ၂ဝ ကျော်ရှိပြီး အဲဒီဂိတ်တွေကို ကြီးကြပ်ပြီးအခွန်ကောက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အမျိုးမျိုးရှိ ပါတယ်။
အစိုးရအခွန်ရှောင်ချင်တဲ့ ထိုင်းကုန်သည်တွေ၊ မြန်မာကုန်သည်တွေ။ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေ အထုတ်အသွင်း လုပ်ကြသူတွေကတော့ သူတို့ပစ္စည်းတွေကို ခိုးဂိတ်တွေကနေ အတင်အချ လုပ်ကြပါတယ်။ ကုန်ပစ္စည်းတွေကို အတင်အချ လုပ်ပေးရသူတွေကတော့ မြန်မာအလုပ်သမားတွေပါ။ သူတို့ကတော့ လက်နက်ကိုင်အဖွဲ့တွေ၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေကို နေလို လလိုကြည့်ပြီး ဝမ်းကြောင်းနေကြရတာပါ။
အပေါ်ယံကြည့်ရင် သူတို့အလုပ်ဟာ ခွန်အားဗလကို အရင်းပြုလုပ်ရတဲ့အလုပ်ပါ။ တကယ်တမ်းကြတော့ နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြားမှာ အသက်ကိုရင်းပြီး သူတို့ လုပ်ကိုင်စားသောက် နေရတာပါ။ သူတို့ အလုပ်က အနေအထိုင်တတ်ဖို့၊ နှုတ်လုံဖို့၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေရဲ့ ယုံကြည်မှုရှိဖို့လိုအပ်တဲ့အပြင် မျက်စိနဲ့ နားကိုလည်း ရှင်ရှင် ထားဖို့လိုပါတယ်။ လမ်းကြောင်းရှင်းတယ်။ မရှင်းဘူးတယ်ဆိုတဲ့ အသံကိုလည်း သူတို့ အမြဲနားစွင့်ရပါတယ်။
ဂိတ်မှူးတွေဆီက လမ်းကြောင်းရှင်းတယ်ဆိုတဲ့ အသံကြားတာနဲ့ ကုန်သည်တွေရဲ့ ခွင့်ပြုချက်နဲ့ ကားကြီးကားငယ် အသွယ်သွယ်ပေါ်က ကုန်ပစ္စည်းတွေကို တဖက်ကမ်းကိုကူးမယ့် စက်လှေတွေပေါ် အလျှင်အမြန်အတင်အချ သူတို့ လုပ်ရပါ တယ်။
မြန်မာနိုင်ငံဘက်ကမ်းကနေ သူတို့အများဆုံး အတင်အချလုပ်ရတာက ကျွန်း၊ ပျဉ်းကတိုး သစ်မာသားတွေနဲ့လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ မှန်တင်ခုံနဲ့ အိမ်အလှဆင်ပစ္စည်းတွေပါ။ ငပိ၊ ငါးခြောက်၊ ငရုပ်၊ ကြက်သွန်၊ ကွမ်းသီးစတဲ့ စားကုန်ပစ္စည်းတွေကိုလည်း ရာသီအလိုက် သူတို့ အတင်အချ လုပ်ရပါတယ်။

တခါတခါမှာ ရန်ကုန်နဲ့ မန္တလေးဘက်ကဆင်းလာတဲ့ ရွှေခြည်ထိုး၊ ငွေခြည်ထိုးနဲ့ ယွန်းထည်ပစ္စည်းတွေ၊ ဘုရာဆင်းတုတော်တွေ၊ ကြေးစည်၊ ခေါင်းလောင်း၊ ရှေးဟောင်းပစ္စည်းအမျိုးမျိုးနဲ့ ပန်းချီကားအမျိုးမျိုးပါ။
ညဘက်တွေမှာတော့ အမျိုးအမည်မသိတဲ့ အထုပ်အပိုးတွေကို သူတို့ ထမ်းပိုးတင်ချရပါတယ်။
အချိန်မတော် အတင်အချလုပ်ရတဲ့ အထုတ်အပိုးတွေကိုတော့ စိတ်ကြွဆေးထုတ်တွေလို့ သူတို့က ထင်ကြေးပေး ကြပါတယ်။
ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကတော့ အမျိုးအမည်စုံပါတယ်။
ဘိလပ်မြေ၊ သွပ်၊ သံ၊ သံဇကာနဲ့ အိမ်ဆောက်ပစ္စည်းတွေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်ဗူးမျိုးစုံ၊ ဆေးဝါးမျိုးစုံနဲ့ အလှကုန်ပစ္စည်းမျိုးစုံ။ ထီး၊ ဖိနပ်နဲ့ အထည်အလိပ်အမျိုးမျိုး။ စာရေးကိရိယာနဲ့ ကလေးကစားစရာပစ္စည်းတွေပါ။


ထိုင်းဘက်ကမ်းကနေ မြန်မာဘက်ကမ်းကို ညအချိန်မတော် အမြဲလိုလို ခိုးသွင်းနေတာကတော့ နံပါတ်ပြားဖြုတ် ထားတဲ့ ကားဟောင်းတွေနဲ့ ဆိုင်ကယ်တွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
သူတို့အလုပ်က အခြေအနေ၊ အလုပ်ချိန်အခါနဲ့ လူပုဂိုလ်တွေပေါ်မူတည်ပြီး အပြောင်းအလွဲရှိသလို သူတို့ရဲ့ လုပ် အားခဝင်ငွေကလည်း ကုန်သည်တွေ၊ သူတို့ အတင်အချလုပ်ရတဲ့ ပစ္စည်းတွေ တရားဝင်မှု၊ မဝင်မှုပေါ် မူတည်ပြီး အနည်း အများရှိပါတယ်။
“ကျနော်တို့အလုပ်က နေ့တိုင်း၊ ညတိုင်း ရှိတာမဟုတ်ဘူး။ ဒါကြောင့် တနေ့ ဘယ်လောက်ဝင်သလဲဆိုတာ ပြောဖို့ ခက်တယ်။ ကုန်ရှိရင်ရှိသလို တနေ့ကို ဘတ် ၁၅ဝ၊ ၂ဝဝ ရတဲ့ အခါရှိသလို တပြားမှမရတဲ့ နေ့တွေလည်းရှိတယ်။ ပင်ပန်းပြီး ငွေရနည်းတဲ့ နေ့တွေရှိသလို သိပ်မပင်ပန်းပဲ ဘတ် ၁ဝဝ၊ ၁ဝဝကျော် ရတဲ့ နေ့တွေလည်းရှိတယ်”
လို့ အလုပ်သမားတဦးက ပြောပါတယ်။
သူတို့အပြောအရ ဒီအလုပ်ကို အိမ်ထောင်ဦး ယောက်ျားတဦး မသောက်မစားပဲ ပုံမှန်လုပ်ရင် ၄-၅ ဦးရှိတဲ့ မိသားစု တစု ဖူလုံပါတယ်။ တချိန်ထဲမှာပဲ ဒီအလုပ်ကို လုပ်ကြတဲ့ အလုပ်သမားအများစုဟာ အသောက်အစားနဲ့ မကင်းကြသလို မူးယစ်ဆေးဝါးနဲ့လည်း မကင်းကြတာများပါတယ်။
“ဒီအလုပ်က နင်လားငါလား တင်ရချရရင် အရမ်းပင်ပမ်းတာ။ ပင်ပမ်းတော့ အသောက်အစားရှိတယ်။ တချို့က စိတ်ကြွဆေးတွေ သုံးကြတယ်။ ဆေးသုံးလို့ပိုပြီး ထမ်းနိုင်ပိုးနိုင်တာရှိသလို မြင်ရာတွေ့ရာတွေ လျှောက်ပြောလို့ နှုတ်ပိတ်ခံ လိုက်ရတာတွေလည်းရှိတယ်။ လုံးပါးပါးပြီး ဘဝဆုံးသွားသူတွေလည်း ရှိတယ်”
လို့ အလုပ်သမားကြီးတဦးက ပြောပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ စိတ်ကြွဆေးက အလွယ်တကူရနိုင်သလို အသတ်ခံရတာတွေ၊ သေတာတွေကလည်း သူ တို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ ရင်းနှီးနေသလို ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ တချို့က ငွေလေးနည်းနည်းပါးပါးစုမိရင် ရွာကိုပဲပြန်တော့မယ်လို့ စိတ်ကူးထားကြသလို တချို့ကတော့ လက်ဖျားငွေရွင်တာနဲ့ သောက်လိုက်စားလိုက် ပျော်လိုက်ပါး လိုက်နဲ့ ဘဝခရီး ဆက်နေကြပါတယ်။
( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ခိုင်မာကျော်ဇော၏ ရေခြားမြေခြား မြန်မာများ ပင်တိုင်ဆောင်းပါးကို ပြန်လည် ကူးယူတင်ဆက်ခြင်းဖြစ်သည်။ အသံလွှင့်ဆောင်းပါး မူပိုင်မှာ အာရ်အက်ဖ်အေ ရေဒီယို ဖြစ်ပါသည်။ သရုပ်ဖော် ဓာတ်ပုံများမှာ ခိုင်မာကျော်ဇော ရိုက်ကူးထားသောပုံများဖြစ်ပြီး ၎င်းခွင်ြ့ပုချက်ဖြင့် ဓာတ်ပုံများကို တင်ဆက်ပါသည်။)

Monday, November 9, 2009

Khaing Mar Kyaw Zaw - Borders Series - 3

နယ်စပ်လမ်းက ဝမ်းတထွာ - ၃
ခိုင်မာကျော်ဇော


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့တောင်ဘက်မှာ အရောင်အသွေးစုံတဲ့ ပန်းခင်းကြီးတွေ၊ မျက်စေ့တဆုံး တမျှော်တခေါ်မြင်ရတဲ့ ပြောင်းဖူး၊ ကော်ဖီ၊ အာလူး၊ ငရုပ်၊ သခွားစတဲ့ စိုက်ခင်းကြီးတွေ၊ စိုပြေစိမ်းလန်းတဲ့ လိမ္မော်၊ သရက်၊ မာလာကာ ခြံကျယ်ကြီးတွေရှိပါတယ်။
ထိုင်းလူမျိုးတွေပိုင်ဆိုင်တဲ့ အဲဒီပန်းခင်းကြီးတွေ၊ စိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီးတွေထဲမှာ ရာသီ အလိုက် ထွန်ယက်၊ စိုက်ပျိုး၊ ရေလောင်းပေါင်းသင်၊ ဆေးဖြန်း၊ ဆေးပက်၊ ခူးဆွတ်၊ ထုတ်ပိုး၊ ရောင်းချတဲ့ အလုပ် တွေကို မိုးလင်းကနေ မိုးချုပ် လုပ်ကိုင်နေကြသူတွေကတော့ မြန်မာနိုင်ငံသား အလုပ်သမားတွေပါ။

အလုပ်သမားများနှင့် မိသားစုတို့ နေထိုင်ရာ တဲအိမ်များ

ဒေသခံအလုပ်သမားအဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ စိုက်ခင်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား တသောင်း ကျော်ရှိပြီး အများစုကတော့ မိသားစုအလိုက် ပြောင်းရွှေ့နေထိုင် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
မဲဆောက်မြို့နဲ့ ကီလို(၃ဝ)ကျော်ကွာဝေးတဲ့ ဟွေနို့ကလယ်အရပ်မှာတော့ မြန်မာအလုပ်သမား အိမ်ထောင် စု ၁ဝဝ နီးပါးရှိပါတယ်။ သူတို့အားလုံး ခြံရှင်တွေ၊ စိုက်ခင်းရှင်တွေ နေရာချပေးတဲ့ မြေကွက်လပ်တွေမှာ ဟိုတစု၊ ဒီတစုနဲ့ တဲအိမ် လေးတွေ ထိုးပြီးနေကြပါတယ်။ နှင်းဆီခြံတခြံနဲ့ မနီးမဝေး မြေကွက်လပ်တခုမှာ တဲအိမ်လေး(၆)လုံးစုရှိတဲ့ အစုကတော့ ကိုဝင်းအောင်တို့ အစုပါ။ ကိုဝင်းအောင်တို့အစုက နှင်းဆီခြံ(၂)ခြံမှာ အလုပ်လုပ်ပါ တယ်။

နှင်းဆီစိုက်ခင်း

“ကျနော် ဒီနှင်းဆီခြံမှာလုပ်တာ (၁ဝ)နှစ်ကျော်ပြီ။ ကြာတော့ သူဌေးက ကျနော့်ကိုယုံပြီး နှင်းဆီခြံကို ကျနော်နဲ့ လွဲ ထားတာ။ ကျနော်ကပဲ ခြံနဲ့အလုပ်သမားတွေကို ကြီးကြပ်ရတယ်။ အလုပ်သမားတွေက ကိုယ့် လူမျိုးအချင်းချင်းဆိုတော့ ပြဿနာမရှိဘူး။ ပြဿနာက နှင်းဆီခြံကို ဖြန်းရတဲ့ ဆေးတွေကို ကိုင်တွယ်နေရတဲ့ ပြဿနာပဲ လို့ ကိုဝင်းအောင်က ပြောပါတယ်။
ကိုဝင်းအောင်ရဲ့ မျက်လုံး(၂)လုံးဟာ ပတ္တမြားကျောက်လို နီရဲနေပြီး၊ မျက်ရည်ပူတွေယိုစီးကာ မခံချိ မခံသာ အောင် ကြိမ်းစပ်ကိုက်ခဲနေပါတယ်။ ဒီဝေဒနာကို သူ ခံစားရတာ (၇)နှစ်နီးပါးရှိပါပြီ။ နှင်းဆီပင်တွေ ကြီး ထွားဖို့၊ နှင်းဆီပန်းတွေ ဝေဝေ ဆာဆာ ဖူးဖို့ပွင့်ဖို့အတွက် ဆေးစပ်၊ ဆေးဖြန်းတဲ့အလုပ်ကို နှစ်ပေါင်းများစွာ လုပ် ခဲ့ရလို့ ဒီဝေဒနာကို သူရခဲ့တာလို့ ကိုဝင်းအောင်က ပြောပါတယ်။

“နှင်းဆီကစိုက်ပြီး သိပ်မကြာဘူး အပင်သန်အောင် ဆေးဖြန်းရတယ်။ ဖူးချိန်၊ ပွင့်ချိန်ဆိုရင် တပတ်ကို(၁)ကြိမ်။ တကြိမ်ကို မနက်(၁)ခါ ည(၁)ခါဖြန်းရတယ်။ မိုးရွာတဲ့နေ့တွေဆို ဆေးကပယ်တော့ တနေ့ကို(၃)ကြိမ် နေ့တိုင်း ဖြန်းရတယ်။ ဖြန်းဖို့ဆေးကို အရင်ဆုံး အချိုးကျအောင် စပ်ရတယ်။ ဆေးကလည်း အရမ်းပြင်းတော့ ကြာတော့ မျက်လုံးကိုထိတာပေါ့ လို့ ကိုဝင်းအောင်က ပြောပါတယ်။

နှင်းဆီခြံတွေကိုဖြန်းတဲ့ ဓာတုဆေးဟာ ကိုဝင်းအောင်ကိုသာမက နှင်းဆီခြံလုပ်သားတွေနဲ့ သူတို့ရဲ့ မိသား စုတွေကိုပါ ဒုက္ခပေးနေတာပါ။ ဒီဒုက္ခကို သိနေပေမယ့် နှင်းဆီခြံက သူတို့ မိသားစုတွေကို ထမင်းကြွေးနေတာ ဆိုတော့ နှင်းဆီခြံနဲ့ ဝေးရာကိုလည်း သူတို့ ရှောင်ပြေးလို့မရ ဖြစ်နေပါတယ်။

ဦးမိုးညိုတို့အစုကလည်း ဂေါ်ဖီထုတ်တွေကြီးထွားဖို့၊ ကြက်သွန်ခင်းတွေ အောင်မြင်ဖို့အတွက် ဆေးပက်ဆေးဖြန်း အလုပ်ကို လုပ်ကြပါတယ်။ ဒီအလုပ်ကို (၃)နှစ်နီးပါးလုပ်ခဲ့တဲ့ ဦးမိုးညိုတယောက်လည်း လက်ဖဝါးကြီးတွေ ယောင်ယမ်းကိုက်ခဲ ပြီး ညည အိပ်မရလို့ ငုတ်ထုတ် ထထိုင်နေရပါတယ်။

ဦးမိုးညို၏ ယောင်ယမ်းနေသော လက်များ

“လက်ကကိုက်တာ ဘယ်လိုမှ မခံနိုင်ဘူး။ အိပ်လို့လည်း မရဘူး။ ညဘက်တွေဆို အေးတော့ပို ဆိုးတယ်။ ရေ နွေးပူနဲ့ ထပြီးစိပ်ရတယ်။ နေသာသလိုရှိပေမယ့် ကိုက်တာကတော့ မပျောက်ဘူး။ ပြီးခဲ့တဲ့လက မြန်မာပြည်ပြန် ပြီး ဆရာဝန်တွေ၊ ဗိန္ဓောဆရာတွေနဲ့ ကုကြည့် သေးတယ်။ နွားတရှဉ်းနဲ့ လယ်တခင်းသာ ကုန်သွားတယ် မသက်သာဘူး လို့ ဦးမိုးညိုက ပြောပါ တယ်။
ထွန်ယက်စိုက်ပျိုးကြတဲ့ အလုပ်သမားတွေ ဓာတုဆေးတွေကြောင့် ဒုက္ခရောက်ကြရသလို ရာသီအလိုက် လိမ္မော် သီးခူး၊ ပြောင်းဖူးချိုး၊ ငရုပ်သီးစွတ်၊ အာလူးဖော်တဲ့ အလုပ်တွေကို လုပ်နေကြတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကလေးတွေမှာ လည်း စိုက်ခင်းရှင်တွေ၊ ခြံရှင်တွေတိုက်ကြွေးတဲ့ စိတ်ကြွဆေးတွေကြောင့် အခက် ကြုံနေရတယ်လို့ မြန်မာအလုပ်သမားတွေ က ပြောကြပါတယ်။
ခြံရှင်တွေ၊ စိုက်ခင်းရှင်တွေက သူတို့အလုပ်တွေ ငွေကုန်ကြေးကျနည်းနည်းနဲ့ ရက်တိုတိုအတွင်းမှာ ပြီး မြောက်နိုင်ဖို့အတွက် စိတ်ကြွဆေးကို အလုပ်သမားတွေကိုတိုက်တဲ့ သောက်ရေ၊ အချိုရည်တွေထဲမှာ ထည့်ပြီး တိုက်ကြတာပါ။ အတွေ့ အကြုံရှိတဲ့ အလုပ်သမားတွေက ဒီအန္တရာယ်ကို သတိရှိရှိနဲ့ ရှောင်ရှားနိုင်ကြပေမယ့် တချို့ကတော့ အလုပ်ရှင် လုပ်သမျှငုံခံ နေရပါတယ်။


သီးနှံခင်းများ၊ ထိုစိုက်ခင်းများထဲမှာပင် မြန်မာလုပ်သားတို့ ဥပဒေမဲ့သတ်ဖြတ်ခြင်း ခံကြရသည်
“သူတို့ ပြောသလို မလုပ်ရင်၊ သူတို့ကို အာခံတယ်လို့ထင်ရင် ခြံရှင်တွေ၊ စိုက်ခင်းပိုင်ရှင်တွေက သူတို့ လက်သပ်မွေးထားတဲ့ လူဆိုးလူမိုက်တွေ၊ လူယုံတွေနဲ့ ကျနော်တို့ကို ဒုက္ခအမျိုးမျိုးပေးတာ။ တချို့ အသတ် ခံရတာတွေ တောင်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ မပြောရဲဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ရဲဘူးလို့ အလုပ် သမားတဦးက ပြောပြပါတယ်။
မြို့နဲ့အလှမ်းဝေးတဲ့ စိုက်ခင်းတွေ၊ ခြံတွေထဲမှာနေကြတဲ့ မြန်မာအလုပ်သမားတွေဟာ အန္တရာယ်အမျိုးမျိုး ကြားမှာ ဝမ်းကြောင်းနေကြရတာပါ။ ကံမကောင်း အကြောင်းမလှတဲ့အခါမှာ အဲဒီစိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီး တွေဟာ သူတို့ကို မြှုပ်နှံပစ်မယ့် နေရာဆိုတာကိုလည်း သူတို့ သိနေကြပါတယ်။
ဒါပေမယ့်လည်း အဲဒီပန်းခင်းကြီးတွေ၊ စိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီးတွေက သူတို့ကို အလုပ်ပေး ထမင်း ကျွေးထားတာပါ။ ဒါကြောင့်လည်း နှင်းဆီတွေ ဖူးဖို့ပွင့်ဖို့၊ အသီးအနှံတွေအထွက်တိုးဖို့အတွက် သူတို့အားလုံး စိုက်ခင်းတွေ၊ ခြံကျယ်ကြီး တွေထဲမှာ အလုပ်တွေဆက်ပြီး လုပ်ကြရဦးမှာပါ။
( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ရေခြားမြေခြားကို ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။ )