Wednesday, July 8, 2009

Khaing Mar Kyaw Zaw - Fearful Soldier

စစ်သားကြီးကို ကြောက်လို့ပါ

ခိုင်မာကျော်ဇော

ဇွန် ၁၈၊ ၂၀၀၉

အဖွားရယ်

နင်ဘယ်သွားသွား ချန်မထားနဲ့

နင်ဘယ်ပြေးပြေး ငါလိုက်ပြေးမယ်

နင်ငတ်သေလည်း ငါလိုက်သေမယ်

စစ်သားကြီးကို ငါကြောက်တယ်။

အဖွားရယ်

ငါတို့ အိမ်မှာ နေချင်ပါတယ်

ဒါပေမယ့်လည်း မနေရဲဘူး။

စစ်သားကြီးကို ငါကြောက်တယ်။

ငါတို့ ပညာသင်ချင်ပါတယ်

ဒါပေမယ့်လည်း ငါတို့ကျောင်းကို မသွားရဲဘူး။

စစ်သားကြီးကို ငါကြောက်တယ်။

ငါတို့တောင်ယာ မဝေးပါဘူး။

ဒါပေမယ့်လည်း မသွားရဲဘူး။

စစ်သားကြီးကို ငါကြောက်တယ်။

ငါတို့ နွားကို

သူဆွဲသွားတာ ငါမြင်ပါတယ်။

ဒါပေမယ့်လည်း မပြောရဲဘူး

စစ်သားကြီးကို ငါကြောက်တယ်။

ငါ့မိဘကို သူနှိပ်စက်တာ ငါမြင်ပါတယ်။

ဒါပေမယ့်လည်း မအော်ရဲဘူး

စစ်သားကြီးကို ငါကြောက်တယ်။

ငါ့မိဘကို သူတို့ သတ်တာ ငါမြင်ပါတယ်

ဒါပေမယ့်လည်း မငိုရဲဘူး

စစ်သားကြီးကို ငါကြောက်တယ်။

ဟိုမှာ ဟိုမှာ

စစ်သားကြီးတွေ သေနတ်တွေနဲ့

ငါတို့ရှိရာ လာနေကြပြီ

ငါ့ကို ချစ်ရင် ဖက်ထားပေးပါ

စစ်သားကြီးကို ကြောက်လို့ပါ

စစ်သားကြီးကို ကြောက်လို့ပါ

စစ်သားကြီးကို ကြောက်လို့ပါ။

(ဇွန်လ ၁၅ရက်၊ ၂ဝဝ၉)

Monday, May 18, 2009

A Letter from Burma written by a commoner

လေးအိမ်တန်းက ဒေါ်လေးစာ

ခိုင်မာကျော်ဇော

မေ ၁၇၊ ၂၀၀၉

စိတ်ဆင်းရဲလိုက်များ

ပြောတောင် မပြောချင်တော့ပါဘူး။

‘ဒီမိုကရေစီခေါင်းဆောင်’

‘အောင်ဆန်းစုကြည်’ကို

‘အင်းစိန်ထောင်’ကို ပို့လိုက်ပြီတဲ့။

ရပ်ထဲ ရွာထဲလည်း

ဒီအကြောင်းပဲ ပြောနေကြတယ်။

အိမ်ထဲမှာတင် ကြိတ်ကြိတ်နဲ့

တိုးတိုးတိတ်တိတ် ပြောနေကြတာ မဟုတ်ဘူး။

လယ်ထဲဆင်းလည်း ဒီအကြောင်း

ရေခပ်ဆင်းလည်း ဒီအကြောင်း

ငါးရှာထွက်လည်း ဒီအကြောင်း

ဟင်းရွက်ခူးလည်း ဒီအကြောင်း

ရွာဦးဘုန်းကျောင်းထဲလည်း ဒီအကြောင်း

မြို့တက် ဈေးဝယ်ထွက်တော့လည်း အကြောင်း

၅ နှစ်အရွယ် ကျုပ်မြေးလေးတောင်

‘အောင်ဆန်းစုကြည်’ အကြောင်းကို

စိတ်ဝင်တစား မေးတယ် ဆိုတော့

သူတို့ ကျောင်းထဲလည်း

ဒီအကြောင်းပဲ ပြောနေကြလို့ နေမှာပေါ့။

ကျုပ်ကို မြေးက မေးတယ်။

“လူတွေချစ်တဲ့ ဒေါ်စုကို သူတို့က ဘာဖြစ်လို့ အင်းစိန်ထောင်ကို ပို့တာလဲ”တဲ့။

‘အောင်ဆန်းစုကြည်’ကို

သူတို့ ကြောက်လို့ လို့ …

ကျုပ် မဆိုင်းမတွပဲ ဖြေလိုက်တယ်။

ကျုပ်မြေးကတော့

မျက်လုံးလေး ကလယ်ကလယ်နဲ့

နားမလည်ရှာဘူး။

ဟုတ်တယ်

သူတို့ ‘အောင်ဆန်းစုကြည်’ကို ကြောက်တယ်။

‘မင်းကိုနိုင်’ကို ကြောက်တယ်။

‘အရှင်ဂမ္မီရ’ကို ကြောက်တယ်။

‘ခွန်ထွန်းဦး’ကို ကြောက်တယ်။

‘ဇာဂနာ’ကို ကြောက်တယ်။

‘သံဃာတော်တွေ’ကို ကြောက်တယ်။

‘ကျောင်းသားတွေ’ကို ကြောက်တယ်။

အိုး … လူ့အခွင့် သိသူမှန်သမျှကို

သူတို့ ကြောက်နေကြတယ်။

စစ်သည်တော် ၄ သိန်းကျော် ခြံရံထားတဲ့

စစ်ဗိုလ်ချုပ်ကြီးတွေ

သုံးတောင်ဝတ် မိန်းမသားနဲ့

မျက်နှာချင်းဆိုင်ပြီး စကားမပြောရဲတာဟာ

ကြောက်နေလို့ပဲပေါ့။

တွေ့ပါ၊ ဆုံပါ၊ စကားပြောပါလို့

ကမ္ဘာ့ကုလသမဂ္ဂကြီးက တိုက်တွန်းနေတာကြာပြီပဲ။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

ကျုပ်တို့ရဲ့ ‘အောင်ဆန်းစုကြည်’ကလည်း

ကျမတို့ တွေ့ဆုံဆွေးနွေး ကြရအောင်လို့

တောင်းဆိုနေတာလည်း အခါခါပဲလေ။

ဒီနေ့ထက်ထိ မပြောသေးတာ

စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ပြဿာနာပဲပေါ့။

ဒီအကြောင်းတွေ

ကျုပ် သိနေလို့ အံ့အားတော့ မသင့်ကြပါနဲ့။

ကျုပ်တို့ရွာမှာ

‘ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီနဲ့ အာအက်ဖ်အေ’

“နားမထောင်ရ” ဆိုတဲ့ အမိန့်တွေ ထုတ်လိုက်တည်းက

အဲဒီဌာနတွေက ထုတ်လွင့်တဲ့ သတင်းတွေမှန်သမျှ

နေ့ည မပြတ် ကျုပ်နားထောင်တယ်။

ပြီးတော့ ကျုပ်

ရွာထဲလိုက် ဖောက်သည်ချတယ်။

ဒါ ကျုပ် ရဲ့အခွင့်အရေးပဲလေ။

သူတို့က

ကျုပ်တို့ရဲ့ မျက်စေ့၊ ပါးစပ်တင်မက

နားတွေကိုပါ အကျဉ်းချ ထားချင်သေးတာ။

ဘယ်ရမလဲ အခု ကျုပ်

ဒီမိုကရေစီဆိုတာကို သိလာရပြီ။

လူ့အခွင့်အရေးဆိုတာကို သိလာပြီ။

ကျုပ်ကို လယ်သူမကြီးဆိုပြီး

အထင်တော့ မသေးကြနဲ့

နာဂစ် ဖြစ်လို့

ကျုပ်တို့ ပြည်သူတွေ ဘဝပျက်ခဲ့ကြပေမယ့်

စစ်ဗိုလ်ချုပ်ကြီးတွေ စီးပွားတက်သွားတာကို ကျုပ်သိတယ်။

တရုတ်၊ ကုလားနဲ့ ယိုးဒယား

ကျုပ်တို့နိုင်ငံက သယံဇာတွေကို

စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး ခိုးစားနေတာ ကျုပ်သိတယ်။

ကမ္ဘာ့အရပ်ရပ်လူတွေ ကျုပ်တို့ဘဝကို ကိုယ်ချင်းစာသူလည်းရှိ

နှာစေးသူတွေလည်း ရှိတယ်ဆိုတာ ကျုပ်သိတယ်။

အခုလည်းပဲ

အမေရိကန်က ယက်တော

ရေကူးပြီး ‘အောင်ဆန်းစုကြည်’အိမ်ထဲ ခိုးဝင်မှုနဲ့

အင်းစိန်ထောင်ထဲ ရောက်နေတာကို ကျုပ်သိတယ်။

‘အောင်ဆန်းစုကြည်’ကိုလည်း

ဒီအမှုနဲ့ စွဲချက်တင်လိုက်ကြတာပဲလေ။

ဒါတင်ဘယ်ကမလဲ

သူ့ရှေ့နေ နှစ်ဦးကိုလည်း အမှုလိုက်ခွင့်မရအောင်

လိုင်စင်တွေ သိမ်းလိုက်ကြတယ်တဲ့။

တကယ်ကတော့

‘အောင်ဆန်းစုကြည်’ရဲ့

နေအိမ်အကျယ်ချုပ်လွတ်ရက်က

အခုလမှာ စေ့ပြီလေ။

ကျုပ်တို့ခေါင်းဆောင်

အိမ်ပြင်ထွက်၊ လမ်းပေါ်တက်ပြီး

‘ဒီမိုကရေစီအရေး’

‘လူ့အခွင့်အရေး’

‘ကျုပ်တို့အားလုံး’ရဲ့အရေးအတွက် လုပ်မှာကို

သူတို့ ကြောက်နေကြတယ်။

ကြောက်ဆို

သူတို့ အတင်းအဓမ္မ ကျင်းပမယ့်

၂ဝ၁ဝ ရွေးကောက်ပွဲကလည်း နီးလာပြီလေ။

အဲဒီရွေးကောက်ပွဲမှာ

‘အောင်ဆန်းစုကြည်’ ပါတီက မဲပုံးထောင်ရင်

၁၉၉ဝ လိုပဲ

သူတို့ အရှုံးကြီး ရှုံးအုံးမှာပဲ။

သူတို့က သေနတ်အားကိုးနဲ့ပဲ

ကျုပ်တို့ကို အုပ်စိုးနေတာ။

သူတို့မှာ ကိုယ့်ပြည်သူပြည်သားရယ်လို့

စာနာသနားတတ်တဲ့ စိတ်ထားမရှိဘူး။

သူတို့မှာ အကြင်နာ တရားမရှိဘူး။

မေတ္တာတရား မရှိဘူး။

မင်္ဂလာတရား မရှိဘူး။

သူတို့မှာ ဆင်ခြင်တုံတရားလည်း မရှိဘူး။

ဘုရားသားတော် သံဃာတော်တွေတောင်မှ

သတ်ရဲ ဖြတ်ရဲတဲ့ သူတို့ရဲ့ မိုက်မဲမှုဟာ

အဝီစိငရဲကို ဂျွမ်းပစ်ကျဖို့ပဲ ရှိတော့တယ်။

တရားသဘောနဲ့ ကြည့်ရင်

ဘယ်အရာမှ မမြဲပါဘူး။

စစ်ဗိုလ်ချုပ်ကြီးတွေပဲ အမြဲ စံနေရမှာမဟုတ်သလို

ကျုပ်တို့ ပြည်သူတွေလည်း အမြဲ ခံနေရမှာမဟုတ်ပါဘူး။

ပြည်သူကမွေး၊ ပြည်သူ့က ကျွေးတဲ့

ပြည်သူ့ တပ်မတော်သားတွေကိုတော့

ကျုပ်တခုပဲ ပြောချင်ပါတယ်။

ပြည်သူတွေကို သနားပါ။

ပြည်သူတွေကို စာနာပါ။

ပြည်သူတွေကို ကာကွယ်ပါလို့

ဗိုလ်ချုပ်ကြီးတွေ မိုက်သမျှ

ခံရမယ့် ငရဲမှာ

ငါ့သားတို့ မပါကြပါနဲ့ လို့။

‘အောင်ဆန်းစုကြည်’ ပြောဖူးတယ်။

‘မတရားတဲ့ အမိန့်ဟူသမျှ ဖီဆန့်ကြ’တဲ့။

ငါသားတို့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့

မတရားတဲ့ အမိန့်တွေကို နာခံမနေကြပါနဲ့။

ပြည်သူ့တပ်မတော်သားများ

ပြည်သူများ၊

ပြည်သူ့ခေါင်းဆောင်များနဲ့ အမြန်ဆုံးလက်တွဲပါလို့

လေးအိမ်တန်းက ဒေါ်လေး

ဒီမိုကရေစီ ရေကြည်တပေါက်ကို

ငါ့သားတို့နဲ့ အတူသောက်ချင်လှပါပြီကွယ်။

(သရုပ်ဖော် - ပန်းချီထိန်လင်း)

Monday, May 11, 2009

Khaing Mar Kyaw Zaw - Children on the run in the back packs from Burma

ပလိုင်းအိမ်နဲ့ ကျိုးကြေနေသော ဘဝများ

ခိုင်မာကျော်ဇော

မေ ၁၂၊ ၂၀၀၉

ကျမ စာရေးဖို့ ကွန်ပြူတာရှေ့ထိုင်တော့ ကွန်ပြူတာဘေးမှာ ကျမ ရဲ့ ပလိုင်းအိမ် ကဗျာစာအုပ်လေးကို တွေ့လိုက်ရတယ်။ အတူနေတဲ့ အခန်းဖော်မိန်းကလေး ဖတ်လက်စ တန်းလန်းနဲ့ ထားသွားဟန်တူပါတယ်။ စာအုပ်မှာ မှတ်ရာလေး လုပ်ထားတာကို ကျမ တွေ့ရတယ်။ စာအုပ်လေးကို ကောက်ကိုင်လိုက်တော့ ပလိုင်းကြီးထဲက ဖိုးမူလေးရဲ့ ငိုမဲ့မဲ့အကြည့်နဲ့ ကျမ ထပ်ပြီး ဆုံရပြန်တယ်။

ကျမ ရင်ဘတ်တခုလုံး အောင့်တက်လာတယ်။

မျက်လုံးအိမ်ထဲလည်း မျက်ရည်တွေ အိုင်ထွန်းလာပြီး

မျက်ရည်ပေါက်ကြီးတွေက ကျမ မျက်နှာပြင်တခုလုံးကို ဖုံးလွမ်းသွားပါတော့တယ်။

ဖိုးမူလေးရဲ့ ငိုသံ သဲ့သဲ့လေးကို ကျမ အတိုင်းသား ကြားနေရတယ်။

(ဒီပလိုင်းကြီးထဲမှာ

ဖိုးမူ ဘယ်လောက်ကြာကြာ နေရမှာလဲ။

ပလိုင်းကြီးထဲမှာပဲ အိပ်

ပလိုင်းကြီးထဲမှာပဲ စား

ပလိုင်းကြီးထဲမှာပဲ နေ့ရောညပါ နေနေရတယ်)

ကျမရင်ထဲ ထိရှနာကျင်ခဲ့ရတဲ့ ကြေကွဲစရာတွေထဲက တခုပါပဲ။ အချိန်က မေလ ၂ဝရက်၊ ၂ဝဝ၇ ခုနှစ်။ သံလွင်မြစ်ကမ်းနံဘေးက ကရင်ပြည်တွင်းယာယီ ဒုက္ခသည်စခန်းတခုကို ဒုက္ခသည် ၂ဝဝ ကျော်နဲ့အတူ ပြေးလွှားရောက်ရှိလာတဲ့ ဖိုးမူတို့ မိသားစုနဲ့ ကျမ ဆုံခဲ့ရတယ်။

အမြောက်ဆံ ဗုံးဆံတွေကြားမှာ အလွယ်အပိုးကိုယ်စီနဲ့ အသက်လုပြေးလွှားခဲ့ရ၊ တောအထပ်ထပ် တောင်အထပ်ထပ်ကို၊ ချောင်းကြီး ချောင်းငယ် အသွယ်သွယ်ကို အငတ်ငတ် အပြတ်ပြတ်နဲ့ ဖြတ်သန်း ပြေးလွှားခဲ့ရတဲ့ ခြေကုန်လက်ပမ်းကျနေရတဲ့ ဒုက္ခသည်တွေကို မြင်ရတာဟာ နာဇီအကျဉ်းစခန်းထဲက သုံ့ပန်းတွေလိုပါပဲ။ ဒီထဲကမှ မိဘတွေရဲ့ ပုခုံးပေါ်မှာထမ်းပိုးထားတဲ့ ပုလိုင်းကြီးတွေထဲက အားပြတ်၊ နွမ်းဖတ်နေတဲ့ ကလေးတွေကို မြင်ရတွေ့ရတာက ပိုပြီးကြေကွဲစရာ ကောင်းပါတယ်။

သူတို့လေးတွေဟာ မိဘတွေ မနိုင်တနိုင်ထမ်းပိုးထားရတဲ့ ပလိုင်းကြီးတွေထဲမှာ စားအိုးစားခွက်တွေနဲ့အတူ ခရီးကြမ်းကြီးထဲ လှုပ်မရ၊ ရွေ့မရ၊ ငိုကြွေးခွင့်မရပဲ လိုက်ပါလာကြသူတွေပါ။ စစ်တပ်စခန်းတွေနဲ့ ဝေးပြီလို့ ထင်ရတဲ့နေရာမှာ မိဘတွေ ခေတ္တခဏ နားကြရင်တောင်မှ သူတို့လေးတွေကတော့ သူတို့ရောက်ရှိနေတဲ့ ပလိုင်းကြီးတွေထဲက ထွက်ခွင့် မရကြပါဘူး။

စစ်တပ်တွေ နောက်က လိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်တွေကြောင့် သူတို့လေးတွေဟာ နေ့နေ့ညည ပလိုင်းကြီးတွေထဲမှာပဲ အိပ်၊ ပလိုင်းကြီးတွေထဲမှာပဲ စားသောက်နေထိုင်ပြီး လိုက်ကြရတာပါ။ လှုပ်မရ၊ ရှားမရ ပူအိုက်လောင်မြိုက်လွန်းလို့ ကလေးသဘာဝအရ ငိုကြွေးကြပြန်တော့လည်း သူတို့ရဲ့ ငိုသံကြောင့် ဒုက္ခရောက်မှာ စိုးရိမ်တဲ့အတွက် လမ်းပြတွေ၊ မိဘတွေက သူတို့လေးတွေကို ဘာမီတွန်ဆေးပြားတွေ တိုက်ကြပါတယ်။

ပလိုင်းကြီးတွေထဲ ချွေးတွေ၊ မျက်ရည်တွေနဲ့ လုံးထွေးစီးကပ်ပြီး နွမ်းဖတ်နေတဲ့ ကလေးတွေရဲ့ မျက်နှာလေးတွေကို မြင်ရတာနဲ့တင်၊ သူတို့လာရတဲ့လမ်း ဘယ်လောက် ကြမ်းတမ်းခက်ထန်တယ်ဆိုတာ သိသာပါတယ်။

ရွာတွေ၊ အိမ်တွေ ရှိရက်နဲ့။ ဥယျာဉ်ခြံတွေ၊ တောင်ယာတွေရှိရက်နဲ့ တောတွေတောင်တွေထဲ အသက်လု ပြေးလွှားနေရ၊ လှုပ်မရ ရှားမရတဲ့ ပလိုင်းကြီးထဲမှာ ဒုက္ခငရဲကျသလို ခံစားပြီး ငတ်ငတ်ပြတ်ပြတ်နဲ့ လိုက်ပါပြေးလွှားနေရတဲ့ ဖိုးမူလေး(သမီးလေး)တဦးရဲ့ အတွေးထဲကို ကျမ ပူးဝင်ခိုကပ်ပြီး ပလိုင်းအိမ် ကဗျာလေးကို ရေးခဲ့ပါတယ်။

ပလိုင်းအိမ်

ဒီပလိုင်းကြီးထဲမှာ

ဖိုးမူ ဘယ်လောက်ကြာကြာ နေရမှာလဲ။

ပလိုင်းကြီးထဲမှာပဲ အိပ်

ပလိုင်းကြီးထဲမှာပဲ စား

ပလိုင်းကြီးထဲမှာပဲ နေ့ရောညပါ နေနေရတယ်။

အဲဒီပလိုင်းကြီးကို

ထမ်းပိုးထားရတဲ့ အပါးကိုလည်း သနားလှပါပြီ။

အမိုးနဲ့ ဒေးဖိုးကိုလည်း သနားတာပဲ။

အမိုးရင်ခွင်ထဲက ဒေးဖိုးက

သူ့လက်ကလေး တဖက်ကို မြှောက်မြှောက်ပြတယ်။

သူလည်း ကွေးကွေးလေးနေရတာ ညောင်းလှပြီတဲ့။

တောင်တွေတက်တိုင်း

ချွေးတွေ ဖြိုင်ဖြိုင်ကျတဲ့

အမိုးကိုလည်း မကြည့်ရက်ဘူး။

ဖိုးမူတို့ ဘယ်လောက်ကြာကြာ ပြေးနေရဦးမှာလဲ။

ထမင်းချည်းသက်သက်က ခုနှစ်ရက်

မှိုတလှည့် မျှစ်တလှည့် ရှစ်ရက်

ဝဥနဲ့ ကြွေးဥတွေလည်း သုံးလေးရက်။

ခုတော့ ငှက်ပျောသီးနဲ့ ငှက်ပျောပင်

အဲဒီအပင်တွေ ကုန်သွားရင် ဖိုးမူတို့ ဘယ်လိုအသက်ရှင်မလဲ။

ပလိုင်းအိမ်ထဲမှာ

ဖိုးမူတို့ ရွာ

ဖိုးမူတို့ တောင်ယာ

ဖိုးမူတို့ကို ရန်ရှာတဲ့

စစ်သားတွေအကြောင်းပဲ တွေးနေမိတယ်။

အဲဒီစစ်သားတွေက

ဖိုးမူတို့ တောင်ယာဆန်ကို စားတယ်။

ဖိုးမူတို့ အသီးအနှံတွေကို စားတယ်။

ဖိုးမူတို့ ဝက်တွေ၊ ကြက်တွေကို စားတယ်။

သူတို့ သွားချင်တဲ့နေရာ

သူတို့ နေမကောင်းတဲ့အခါလည်း

အပါးတို့ပဲ ထမ်းပိုး ပို့ပေးခဲ့တာလေ။

အဲဒီစစ်သားတွေကပဲ

ဖိုးမူတို့ ရွာကို ဖျက်တယ်။

တောင်ယာကို ဖျက်တယ်။

ဥယျာဉ်ကို ဖျက်တယ်။

ဖိုးမူတို့အားလုံးကိုလည်း သူတို့ပဲ ရန်ရှာတယ်။

ဖိုးမူတော့ နားမလည်တော့ဘူး အပါးရယ်

ဖိုးမူတို့မှာ အိမ်ရှိရက်နဲ့

ပလိုင်းကြီးထဲမှာပဲ အိပ်

ပလိုင်းကြီးထဲမှာပဲ စား

ပလိုင်းအိမ်ထဲမှာ

ဖိုးမူ ဘယ်လောက်ကြာကြာ နေရမှာလဲ။

အဲဒီကဗျာလေးကိုရေးပြီး သိပ်မကြာခင်မှာပဲ ပလိုင်းအိမ်နဲ့ လူ့အခွင့်အရေး ကဗျာများဆိုတဲ့ စာအုပ်ကို မိတ်ဆွေ၊ သူငယ်ချင်းများရဲ့ ပံ့ပိုးကူညီမှုများနဲ့ ကျမ ထုတ်ဝေခဲ့ပါတယ်။ ကဗျာစာအုပ်မျက်နှာဖုံးပုံကတော့ ပလိုင်းကြီးတခုထဲ ချွေးသံတွေ တရွဲရွဲနဲ့ ငိုမဲ့မဲ့ သမီးလေးရဲ့ပုံပါ။ ဖိုးမူလေးရဲ့ နွမ်းနွမ်းဖတ်ဖတ်မျက်နှာလေးကို မြင်ရတိုင်း နာနာကျင်ကျင်နဲ့ ကျမ ကြေကွဲရပါတယ်။

ပုလိုင်းအိမ်နဲ့ ပတ်သက်ပြီး ပိုကြေကွဲခဲ့ရတာကတော့ ကျမ ညီမ အငယ်ဆုံးလေး ပြန်ပြီးပြောပြတဲ့ ကျမတို့ရဲ့ ဘဝ အပိုင်းအစတခုပါ။

ကျမရဲ့ ပလိုင်းအိမ် ကဗျာစာအုပ်လေး ထွက်ပြီးတဲ့ နောက်တနေ့မှာပဲ ဒုက္ခသည်စခန်းတခုမှာနေတဲ့ ကျမ ညီမ အငယ်ဆုံးလေး ကျမ ဆီကို ရောက်လာပါတယ်။ စာဖတ် ဝါသနာပါတဲ့ ညီမလေးကို ကျမရဲ့ ကဗျာစာအုပ်လေးကိုပေးတော့ မျက်နှာဖုံး ဓာတ်ပုံလေးကို သူ အကြာကြီး စိုက်ကြည့်နေတာကို ကျမ သတိထားမိပါတယ်။

ညီမက သူစိတ်ဝင်စားတဲ့ အကြောင်းအရာအပေါ်မှာ ဒီလိုပဲ အချိန်ပေးတတ်တာမို့ ကျမလည်း သူ့ကို ဘာမှ မမေး၊ မပြောတော့ပဲ လုပ်စရာရှိတဲ့ အလုပ်တွေကိုသာ လုပ်နေခဲ့ပါတယ်။ ညီမလေးနဲ့ ကျမဟာ ဆယ်စုနှစ်(၃)စုနီးပါးကြာမှ ပြန်လည်ဆုံတွေ့ရသူတွေမို့ အပြောအဆို၊ အနေအထိုင် အစစအရာရာမှာ အတော်လေးစိမ်းပါတယ်။ အထူးသဖြင့် ကျမ ဘက်က ပိုစိမ်းတယ်လို့ ထင်ပါတယ်။

မိဘ၊ မောင်နှတွေနဲ့ ကွဲကွာပြီး ကြီးပြင်းရတဲ့ ကျမက သူတို့အားလုံးကို စိတ်နာပြီး စိမ်းစိမ်းကားကားရှိတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ စစ်ပွဲတွေကြောင့် အကျိုးကျိုးအကြေကြေ ဖြစ်ခဲ့ရတဲ့ ကျမ တို့မိသားစုအကြောင်းကို ပြန်လည်သိခွင့်ရတဲ့အချိန်မှာ

“ငါထင်သလို ငါအပေါ် သူတို့ ရက်စက်ခဲ့တာ မဟုတ်ပါလား …”

လို့ ကျမ အမြင်မှန် ရခဲ့သော်ငြားလည်း ဆယ်စုနှစ်(၃)ခုကြာ ဝေးကွာခဲ့ရတဲ့ သွေးကတော့ ယနေ့ထက်တိုင် အေးနေတုန်းပဲလို့ ဆိုရမှာပါ။

ညီမလေးကတော့ အမဆိုတဲ့ သံယောဇဉ်နဲ့ ကျမကို ခင်တွယ်ရှာပါတယ်။ ကျမကတော့ ကျမရဲ့များမြောင်လှတဲ့ အလုပ်တွေကိုသာ ဦးစားပေးခဲ့ပြီး ညီမလေးနဲ့ ခပ်စိမ်းစိမ်းပဲ နေခဲ့ပါတယ်။ တကယ်တမ်းကတော့ ကျမရဲ့ ရင်ထဲကအနာတွေ ယနေ့ထက်ထိ မကျက်နိုင်သေးတာကြောင့်လည်း သူ့အပေါ် စိမ်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ညီမလေးက ကျမလို ခံစားချက် မပြင်းသလို ကျမထက်လည်း ပိုရင့်ကျက်တယ်လို့ ဆိုရမလားပဲ။ ကျမ မျက်နှာရိပ် မျက်နှာကဲကို အမြဲကြည့်တတ်တယ်။ နိုင်ငံရေး၊ လူမှုရေးတွေနဲ့ ကျမ အလုပ်များနေသလား။ ခရီးစဉ်တွေ၊ သတင်းကိစ္စတွေ၊ စာကဗျာကိစ္စတွေနဲ့ ကျမ ဝန်ပိနေသလားဆိုတာကို အကဲခတ်ပြီးမှ ပြောသင့်တာကိုပြော။ သူ့ရင်ထဲ သိမ်းစရာရှိ သိမ်းဆည်းပြီး သိုသိုဝှက်ဝှက် ထိန်းထိန်းသိမ်းသိမ်း နေတတ်သူပါ။

အဲဒီ ညကတော့ မှတ်မှတ်ရရပါပဲ။ လကလည်း တော်တော်လေးသာတယ်။ အိပ်ခန်းတံခါးကို ဖွင့်ထားတော့ အိပ်ခန်းတခုလုံးကို လရောင်က အပြည့်အဝ နေရာယူထားတယ်။ ကျမ အိပ်ယာထဲဝင်တော့ ကျမထက် အိပ်ယာဝင်စောတဲ့၊ စောစောအိပ်တတ်တဲ့ ညီမလေး မအိပ်သေးတာကို တွေ့လိုက်ရတော့ ကျမ အတော် အံ့သြသွားတယ်။

မအိပ်သေးဘူးလားလို့ ကျမ မေးတော့ သူက အိပ်လို့မရဘူးလို့ ပြောတယ်။

“လက အရမ်းသာတယ်။ ငါလည်း အိပ်ရမှာ နှမျောတယ်” လို့ သူ့ကို ပြောတော့

သူက ကျမကို “နောခိုင်ကို ပြောပြစရာ တခုရှိတယ်”လို့ ပြောပါတယ်။

“ဘာပြောမှာလဲ ပြောလေ”လို့ ကျမ ပြောတော့ သူတော်တော်နဲ့ စကားမစပဲ ငြိမ်နေတယ်။

တော်တော်လေးကြာမှ “နောခိုင် ကဗျာစာအုပ်ထဲက ပလိုင်းထဲက ကောင်မလေးလေ”လို့ ပြောပြီး သူ ပြန်ငြိမ်သွားတယ်။

“အဲဒီကလေးက ငါ သံလွင်သွားတုန်းကတွေ့ခဲ့တာ အဲဒီတခေါက်သွားတုန်းက နင်မပါဘူး ”

ညီမလေးက ကျမ ဒုက္ခသည်စခန်းတွေ သွားတိုင်း၊ တောထဲတွေ သွားတိုင်း လိုက်ပါတတ်သူမို့ သူမပါပဲ သွားတဲ့ ခရီးကရလာတဲ့ အကြောင်းအရာတွေကို သူမေးတော့မယ်အထင်နဲ့ ကျမ ပြောလိုက်တာပါ။

သူက ကျမ ပြောတာကို ငြိမ်ပြီး နားထောင်ပြီးမှ ကျမကို စကား ပြန်စတယ်။

“နောခိုင်သိလား၊ ကျမတို့ ငယ်ငယ်တုန်းကလည်း အဖေတို့ အမေတို့က ကျမတို့ကို ပလိုင်းထဲထည့်ပြီး ပြေးကြတာ၊ အဲဒီအကြောင်းတွေကို အမေက ကျမကို ခဏခဏ ပြောပြဖူးတယ်”။

ညီမလေးရဲ့ စကားကိုကြားတော့ ကျမရဲ့ နှလုံးခုန်သံတွေ မြန်လာတယ်။ တော်လှန်ရေးနယ်မြေမှာ မွေးခဲ့တာချင်းတူပေမယ့် ညီမလေးက ကျမ ထက် ဆင်းရဲဒုက္ခ ပိုပြီးခံခဲ့ရတာကို ကျမ သိတယ်။ တော်လှန်ရေးလုပ်တဲ့ အဖေနဲ့။ အဖေနဲ့ အတူရှိတဲ့ အမေ။ အမေနဲ့ အနီးကပ်ရှိခဲ့တဲ့ ညီမလေးက ကျမတို့ရဲ့ မိသားစုအကြောင်း၊ တော်လှန်ရေးမိသားစုတွေရဲ့ အကြောင်းကို ကျမ ထက် ပိုသိပါတယ်။ ကျမရဲ့ ငယ်ဘဝ အစိတ်အပိုင်းတချို့တောင်မှ ညီမလေးဆီက ကျမ ပြန်ပြီး ကြားရတာပါ။ အခုလည်း ကျမတို့ရဲ့ ငယ်ဘဝ တစိတ်တဒေသကို ညီမလေး ပြောပြနေပြန်ပြီ။

“စစ်တပ်တွေ တက်လာလို့ အမေတို့ ပြေးရရင် စားအိုးစားခွက်တွေကို တနိုင်တပိုင်သယ်ပိုးပြီး ပြေးရတဲ့”

“ငယ်သေးတဲ့ လမ်းအဝေးကြီး မလျှောက်နိုင်တဲ့ ကျမတို့ကိုလည်း ပလိုင်းကြီးထဲထည့်ပြီး ပြေးရတာတဲ့”

“အဲဒီလို ပြေးရလွှားရပြီဆိုရင် နောခိုင်က အရမ်းအငိုသန်တာပဲလို့ အမေက ကျမကို ပြောဖူးတယ်”။

ညီမလေး ပြောတာဟုတ်မှာပါ။ ကျမ အငိုသန်ခဲ့လို့ပဲ ညီမလေးတို့နဲ့ကျမ နှစ်ပေါင်းများစွာ ကွဲကွာခဲ့ရတာ။ ဒီစကားကို အမိုးလည်း ကျမကို ပြောပြဖူးတယ်။

“နင်ငယ်ငယ်က အရမ်းအငိုသန်တော့ နင့်အဖေ သိပ်စိတ်ညစ်တယ်။ ရန်သူတွေကလည်း နီးလာပြီ။ နင်ကလည်း ဘာကျွေးကျွေး အငို မတိတ်ဘူး။ နင်ငိုတော့ ပုန်းရခိုရတာ မလုံခြုံတော့ဘူး။ နင့်အဖေက နင့်ကြောင့် သူ့ရဲဘော်တွေ ဒုက္ခရောက်မှာ အရမ်းစိုးရိမ်တာပဲ” တဲ့။

ဒီစကားကို ကြားရတုန်းက ကျမ အဖေ့ကို အရမ်းစိတ်နာတာပဲ။ ကျမထက် အဖေက သူ့ရဲဘော်တွေကို ပိုချစ်ခဲ့တယ်ဆိုပြီး အဖေ့ကို ကျမ စိတ်နာတယ်။ ကျမကို အဒေါ်တွေနဲ့ ပေးပစ်ခဲ့တဲ့ အမေ့ကို ကျမ စိတ်နာတယ်။ ကျမအပေါ် ချစ်ချစ်ခင်ခင်မရှိတဲ့ မောင်နှမတွေကို ကျမ စိတ်နာခဲ့တယ်။ ကျမကို မိသားစုတွေနဲ့ ကွဲကွာအောင်ဖန်တီးခဲ့တဲ့ စစ်ပွဲတွေကို ကျမ စိတ်နာတယ်။

တော်လှန်ရေးနယ်မြေကို ပြန်ရောက်ပြီး တော်လှန်သူတွေနဲ့ လက်ပွန်းတတီးရှိခဲ့၊ တော်လှန်သူတွေရဲ့ ဘဝအထွေထွေကို ခံစားနားလည်ခဲ့တာတောင်မှ မိဘ၊ မောင်နှမတွေအပေါ် နာကျည်းခဲ့တဲ့ ကျမရဲ့ နာကျည်းစိတ်တွေကတော့ တော်တော်နဲ့ လျော့ပါးမသွားခဲ့ဘူး။

ဒါကြောင့်မို့ပဲ ထင်ပါတယ်။ ကျမ အဖေ တော်လှန်ရေးသမားကြီးဖြစ်တာကို ကျမ ဂုဏ်ယူ တတ်ခဲ့ပေမယ့် အဖေ ဆုံးတယ်ဆိုတဲ့ သတင်းကိုကြားရတဲ့ ကျမ မျက်ရည်တစက်မှ မကျခဲ့ဘူး။

(၁၁)လ သမီးအရွယ်ထဲက ကွဲကွာခဲ့ပြီး အဖေဆုံးတဲ့အချိန်အထိ တခါမှ ပြန်တွေ့ခွင့်မရတဲ့ အဖေဆိုသူတယောက်ရဲ့ ပုံရိပ်ကို ကျမ စိတ်မှန်းနဲ့ အကြိမ်ကြိမ် ပုံဖော်ကြည့်ခဲ့ပေမယ့် ကျမ မျက်လုံးအိမ်မှာ ဘယ်လိုမှ အဖေ့ ပုံရိပ် မထင်ခဲ့ဘူး။

အမေနဲ့ မောင်နှမတွေ ပြောတဲ့ အဖေ့ရဲ့ ပုံရိပ်။

အဖေ့ ညီအကိုတွေ ပြောတဲ့ အဖေ့ပုံရိပ်။

အဖေ့ ရဲဘော်ရဲဘက်တွေ ပြောတဲ့ အဖေ့ပုံရိပ်ကို ပုံဖော်ရတာဟာ - ကျမအတွက်တော့ မျက်မမြင်ပုဏး(၆)ယောက် ဆင်ကြီးတကောင်ကို ပုံဖော်တာထက် ပိုခက်ခဲပါတယ်။ ကျမက မျက်စေ့မြင်ပေမယ့် ကျမ မမြင်ရတဲ့ အဖေ့ပုံရိပ်က ကျမအမြင်အာရုံထဲမှာ ပီပီပြင်ပြင် ထင်မလာခဲ့ဘူး။ အဖေ ကျမကို ချစ်တော့ ချစ်ခဲ့တယ်လို့ ကျမ ထင်တယ်။

အဲ့ဒီညကလည်း ပလိုင်းကြီးတခုထဲမှာ ကျမကိုယ် ကျမ ထည့်ကြည့်တယ်။ ညီမလေးကို ထည့်ကြည်တယ်။ ကျမ အဖေဆိုသူ တော်လှန်ရေးသမားကြီးက ကျမနဲ့ ညီမလေးကိုထမ်းပိုးပြီး ပြေးလွှားနေတဲ့ပုံကို ကျမ ပုံဖော်ကြည့်မိတယ်။

မျက်ရည်စီးချောင်းတွေကြားမှာ အဖေဆိုသူရဲ့ ပုံရိပ်ဝိုးတဝါးက ကျမရဲ့ နိုးတဝက်အိပ်မက်တွေကို သိမ်းယူသွားခဲ့ပါတယ်။

ပလိုင်းကို အိမ်လုပ်ပြီးနေရတဲ့သူတွေရဲ့ သက်တမ်းဟာ ကျမ အသက်နဲ့ တွက်ရင်တောင်မှ နှစ်ပေါင်း(၄ဝ)ကျော် ခဲ့ပါပြီ။

ကျိုးကြေခဲ့ရတဲ့ ဘဝတွေကတော့ ထောင်ပေါင်းများစွာ ချီခဲ့ပြီပေါ့။

ယနေ့ချိန်ထိ တိုက်ပွဲသံတွေ ကျမတို့ ကြားနေရတုန်း။

ပလိုင်းကို အိမ်လုပ်ပြီး အသက်လုပြေးနေတဲလူတွေ မနားတမ်းပြေးနေရတုန်းပါ။

စစ်ပွဲတွေ ရှိနေသရွေ့ ဘဝတွေ တစစီ ကျိုးကြေနေရဦးမှာပါ။

(ဓာတ်ပုံ - ခိုင်မာကျော်ဇောနဲ့ သူ့မိတ်ဆွေများ)

To Every Mother

အမေများ သို့

ခိုင်မာကျော်ဇော

မေ ၁၁၊ ၂၀၀၉

“အမေများနေ့” တဲ့

ကမ္ဘာပေါ်က

မင်္ဂလာအရှိဆုံး နေ့တနေ့ပေါ့။

ကျမရဲ့

မွေး၊ ကျွေး မိခင်များကတော့

ကျမနဲ့ အဝေးဆုံး ကမ္ဘာရပ်ခြားမှာ။

‘အမိမဲ့ သား

ရေနည်း ငါး’တဲ့။

‘ခလုတ်ထိ

အမိတ တ တတ်သတဲ့’။

အမေ မရှိတော့မှ

အမေလို့ တမ်းတ ရတာများ

အင်္သချေ အန္တတပေါ့။

အမေ့ကို လွမ်းလိုက်ရတာများတော့

ကမ္ဘာကြီးတောင် တုန်သွားတယ်။


Ref : http://moemaka.com/index.php?option=com_content&task=view&id=4035&Itemid=1 - MoeMaKa News & Media

Tuesday, May 5, 2009

Khaing Mar Kyaw Zaw - My Resolute

ရှိခိုး ဦးခိုက် အလွမ်းရိုက်လို့ ရေးတဲ့စာ

ခိုင်မာကျော်ဇော

မေ ၆၊ ၂၀၀၉

အခြေအနေအကြောင်းကြောင်းကြောင့် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တဦးအနေနဲ့ ကျမ ၂ဝဝ၈ ခုနှစ် သြဂုတ်လဆန်းမှာ ရောက်ခဲ့ပါတယ်။ အမေရိကားကို လာရောက်ဖို့ ကျမ စိတ်ကူး လုံးဝ မရှိခဲ့ပါ။ မလာချင်ပဲ ရောက်ခဲ့ရ၊ ချစ်ခင်သူတွေကို ခွဲခဲ့ရ၊ ဆန္ဒတွေနဲ့ ဆန့်ကျင်ပြီး ဘဝကို ပုံဖော်ရှင်သန်နေရတဲ့ ကျမရဲ့ အမေရိကားနေ့ရက်တွေဟာ ငရဲခန်း နေ့ရက်တွေပါပဲ။

၂ဝဝ၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို ကျမ ခေတ္တတခေါက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကား ရောက် မိတ်ဆွေတချို့က ထိုင်း-မြန်မာနယ်စပ်မှာ မလုံမခြုံနေထိုင်ရတဲ့ ကျမကို နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားဖို့ အကြံပြုကြ ပါတယ်။ မိတ်ဆွေတချို့ရဲ့ စေတနာပါတဲ့ အကြံပြုချက်ကို နားလည်ပေမယ့် ကျမ အတော့်ကို တုန်လှုပ်ခဲ့ပါတယ်။

တော်လှန်ရေးနယ်မြေတခုရဲ့ အမြောက်သံ ဗုံးဆံတွေကြားမှာ မွေးဖွားခဲ့။ အဲဒီတော်လှန်ရေးနယ်မြေကို ပြန်လည် ရောက်ရှိခဲ့။ တော်လှန်ရေးကြီးအကြောင်းကို သင်ကြား၊ တော်လှန်သူတို့ရဲ့ ဘဝပုံရိပ်များကို တူးဆွရင်း၊ တော်လှန်သူ တယောက်အဖြစ်နဲ့ ဘဝကိုမြတ်နိုးခုံမင်ခဲ့တဲ့ ကျမ။ စာရေး၊ စာဖတ် ဝါသနာထုံပြီး စာရေးဆရာဘဝကို စူးစူးနစ်နစ် ရူးသွပ်ခဲ့။ လူထုရင်ခုန်သံ၊ လူထုဘဝ သရုပ်မှန်စာတွေကိုသာ ရင်နဲ့ တွေ့ခဲ့ပြီး ကလောင်သွေးတော့လည်း လူထုရင်ခုန်သံတွေကို ရင်ဘတ်ထဲ အပြည့်ထည့်ပြီး ပြန်လည် ခံစားမွေးထုတ်ရတာကိုမှ လက်ကျတဲ့ ကျမ။

တော်လှန်ရေးနယ်မြေနဲ့ ဝေးပြီး ငါ ဘယ် လိုရှင်သန်မလဲ။

လူထုနဲ့ဝေးပြီး ငါ ဘယ်လိုစာတွေရေးမလဲဆိုတဲ့ စိုးရိမ်စိတ်က ကျမကို တုန်လှုပ် ခြောက်ခြားစေခဲ့တာပါ။

အမေရိကားကို ခြေချလိုက်တဲ့အချိန်ကစလို့ အမိမြေနဲ့ တော်လှန်မြေကို လွမ်းဆွတ်မှု။ ဒီမိုကရေစီရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် အသက်တွေနဲ့ရင်း၊ ဘဝတွေနဲ့ခင်းပြီး ပေးဆပ်နေကြ၊ ပေးဆပ်သွားကြတဲ့ ခေါင်းဆောင်းများ၊ ရဟန်း သံဃာများ၊ ကျောင်းသားပြည်သူများနဲ့ ရဲဘော်ရဲဘက်များအပေါ် ရှက်ရွံ့အားနာမှု။ ဒုက္ခသည်များ၊ တရားမဝင်အလုပ်သမားများ၊ နယ်စပ်လမ်းက ပန်းကလေးများအပေါ် တာဝန်ပျက်ကွက်မှု၊ လတ်တလော မြင်တွေ့နေရတဲ့ လူများ၊ မြင်ကွင်း များ အပေါ် အလိုမကျမှုများနဲ့ ကျမ စိတ်တွေ ငရဲကျခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က မြို့ငယ်လေးတခုမှာ ငရဲကျနေတဲ့ ကျမကို ဖုန်းတွေ အကြိမ်ကြိမ်ဆက်ပြီး ကဗျာတွေ၊ စာတွေရေးဖို့ အားပေးတိုက်တွန်းသူကတော့ ကဗျာ ဆရာကိုအောင်ဝေးပါ။ နောက်ပိုင်း မှာတော့ ဝါရှင်တန်ဒီစီကို ရောက်လာတဲ့ မမေငြိမ်း (စာရေးဆရာမ မေငြိမ်း) ကလည်း ကျမကို ဖုန်းလိုင်းတွေကဆင့် စာရေးဖို့ ပူပူဆူဆူ လုပ်ပါတော့တယ်။ အကို အမများရဲ့ စေတနာကို မပယ်ရှားဝံ့လို့သာ ရေးပါ့မယ်လို့ အင်း ချလိုက်ရပေမယ့် ကျမ တော်တော်နဲ့ စာမရေးခဲ့ပါ။ ထုံထုံပေပေနဲ့ တေလေနေတဲ့ ကျမကို ဆရာအောင်ဝေးက မလျော့သောဇွဲနဲ့ စာတွေရေးပါ၊ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပါ၊ မိတ်ဆွေတွေနဲ့ စကားပြောပါ၊ ရောက်တဲ့အရပ်ကနေ စာပေတာဝန် ကျေပါလို့ ကိုယ်တိုင်လည်းပြော၊ လက်လှမ်းမှီရာ မိတ်ဆွေသူငယ်ချင်းများမှလည်း နားချခိုင်းနဲ့ တွန်းတွန်းတိုက်တိုက် အားပေးနှိုးဆော်ခဲ့သူပါ။

ဆန်ဖရစ္စကိုမြို့အနီးက ပစိဖိတ်ကမ်းခြေတခုကို မနေ့တနေ့က ကျမ ရောက်ခဲ့ပါတယ်။ အဲဒီကမ်းခြေမှာ မိုးမခမီဒီယာက မောင်ရစ်နဲ့ ကျမဆုံပါတယ်။ လှိုင်းတွေ တဝုန်းဝုန်း၊ လေတွေ တဟူးဟူးကြားမှာ မောင်ရစ်နဲ့ ကျမ မြန်မာပြည်အကြောင်း၊ လူထုတွေအကြောင်း၊ တော်လှန်ရေးအကြောင်း၊ သံဃာတော်တွေအကြောင်း၊ ကျောင်းသားတွေအကြောင်း၊ အမေရိကားရောက် ကဗျာဆရာ၊ စာရေးဆရာများအကြောင်း အချိန်တိုလေးအတွင်းမှာ ပြောခဲ့ကြပါတယ်။ လမ်းခွဲပြန်ကြမယ်ဆိုတော့ မောင်ရစ်က ကျမကို စာအုပ် ၄ အုပ် လက်ဆောင်ပေးပြီး ကျမဆီက စာရေးပါ့မယ်ဆိုတဲ့ ကတိကို မရ ရအောင် တောင်းပါတော့တယ်။

မောင်ရစ် လက်ဆောင်ပေးလိုက်တဲ့ စာအုပ်တွေက မိုးမခက ထုတ်ဝေတဲ့ ကြေးမုံဦးသောင်း (အောင်ဗလ)၊ ဟံသာဝတီဦးဝင်းတင်၊ ဖန်မီးအိမ်စာပေချစ်သူများ (ဆန်ဖရန်စစ္စကို)က ထုတ်ဝေတဲ့ ကဗျာဆရာဦးတင်မိုး ကွယ်လွန်ခြင်း ၆ လ ပြည့် အမှတ်တရစာစုနဲ့ အဟာရစာစောင်က ထုတ်ဝေတဲ့ ခရမ်းပြာမြင်းရိုင်း (ကိုအောင်ဝေးရဲ့ ကဗျာစာအုပ်) ဖြစ်ပါတယ်။

အိမ်ပြန်ရောက်ပြီး နောက်တရက်မှာပဲ သတင်းစာဆရာကြီးများ၊ ကဗျာဆရာကြီးများရဲ့ ဘဝဖြတ်သန်းမှု၊ စေတနာ၊ အမြင်သဘောထား၊ ယုံကြည်ချက်၊ ခံယူချက်များပါတဲ့ အဖိုးတန်စာအုပ် ၄ အုပ်ကို ကျမ မနားတမ်း ဖတ်ခဲ့ပါတယ်။ ဒီစာအုပ် ၄ အုပ်ဟာ အမေရိကားကိုရောက်ပြီး ကျမ ပထမဆုံးဖတ်ဖြစ်တဲ့ စာအုပ်တွေပါ။

ထိုင်း-မြန်မာနယ်စပ်မှာ သတင်းနဲ့ စာနယ်ဇင်းအလုပ်ကို ၁ဝ နှစ်ကျော်ကြာ လုပ်ခဲ့ဖူးတဲ့ ကျမ၊ အမေရိကန်ပြည်ထောင်စုကိုရောက်မှ ကွန်ပြူတာနားလည်း မကပ်၊ ဘာသတင်းမှလည်း နားမထောင်၊ ဘာစာမှလည်း မဖတ်ဘဲ မျက်စိနားပိတ်နဲ့ အကျိုးရှိတဲ့အချိန်တွေကို မိုက်မဲစွာ ကုန်ဆုံး စေခဲ့ပါတယ်။

တိုင်းပြည်အတွက်၊ လွတ်မြောက်မှုအတွက်၊ ယုံကြည်ချက်အတွက် အကျဉ်းထောင်တွေထဲ အကြိမ်ကြိမ်ရောက်ခဲ့၊ အမိမြေကိုစွန့်ခဲ့။ ဘဝတွေကျိုးကျေခဲ့ရတဲ့ ဆရာကြီးများရဲ့ပုံရိပ်။ ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံကနေ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရာတာဝန်သယ်ပိုးထမ်းရွက်ခဲ့တဲ့ ဆရာကြီးများရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေက အမှောင်ဖုံးနေတဲ့ ကျမကို အလင်းပြခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ အကျယ်ချုပ်ဘဝရောက်နေရတဲ့ သန်း ၆ဝ ကျော် ပြည်သူလူထုကြီးနဲ့တကွ အကျဉ်းထောင်တွေကို အိမ်လုပ်နေရတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ၊ ကျောင်းသားတွေ၊ တောတွေတောင်တွေထဲ အသက်လု ပြေးလွှားနေရတဲ့ ပြည်တွင်းဒုက္ခသည်တွေ၊ ထိုင်းရဲ မြင်တိုင်း သွေးပျက်ထိတ်လန့်နေရတဲ့ မြန်မာအလုပ်သမားတွေ၊ ထိုင်းပြည့်တန်ဆာခန်းတွေထဲ ငရဲခံနေရတဲ့ မြန်မာအမျိုးသမီးလေးတွေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ အောက်ခြေသိမ်းအလုပ်တွေလုပ်ပြီး မိသားစုတွေအတွက် ကျားကန်ပေးနေရတဲ့သူတွေ၊ အမှိုက်ပုံတကာ မွှေနှောက်ပြီး ဝမ်းမီးငြိမ်းနေရတဲ့ နယ်စပ်လမ်းတလျှောက်က ကလေးငယ်တွေကို မေ့လျော့ထားပြီး - ကိုယ့်ဇာတ်ကိုယ်နာလှပြီလို့ ထင်ခဲ့တဲ့ ကျမရဲ့မိုက်မဲမှုတွေကို ကျမ နောင်တရလို့ မဆုံးတော့ပါ။

ဆရာကြီးများ စိတ်ဝိဥာဏ်ထဲ ပူးဝင်ခိုအောင်းဖို့ ကြိုးစားရင်း ကျမရဲ့ ယုံကြည်ချက်တွေ ပြန်လည် ဦးမော့လာခဲ့ရတာမို့ ဆရာကြီးများကို ကျမဦးခိုက်ပါတယ်။ ကျမကို တွန်းတွန်းတိုက်တိုက် အားပေးနှိုးဆော်ခဲ့တဲ့ ဆရာကိုအောင်ဝေး၊ ဆရာမမေငြိမ်း၊ မောင်ရစ်တို့ကို ကျေးဇူး အထူးတင်ပါတယ်။

ကျမရဲ့ အခန်းထောင့်တနေရာကနေ - “ခိုင်မာရေ … ကိုယ်လုပ်ရမယ့်အလုပ်ကို တာဝန်ကျေကျေ လုပ် …” လို့ ဓာတ်ပုံထဲကနေတဆင့် သတိပေးနေတဲ့ ကျမတို့ရဲ့ခါင်းဆောင်ကြီး “ပဒိုမန်းရှာ”ကိုလည်း ကျမ အမြဲသတိရ ဦးညွတ်နေမှာပါ။

ကျမကို တခုတော့ နားလည်ခွင့်လွတ်ပေးကြပါ။ အမိမြေကို လွမ်းလို့ကျတဲ့ ကျမရဲ့ မျက်ရည်၊ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေကို ကျောခိုင်းစွန့်ခွာခဲ့ရလို့ ကျရတဲ့ ကျမရဲ့ မျက်ရည်၊ ဆာလောင်မွတ်သိပ်နေတဲ့ ပြည်သူတွေ၊ ဒုက္ခသည်တွေ၊ တရားမဝင်အလုပ်သမားတွေ၊ နယ်စပ်လမ်းက ပန်းကလေးတွေကို လွမ်းလွန်းလို့ ကျရတဲ့ ကျမရဲ့မျက်ရည်တွေကိုတော့ မတားကြပါနဲ့။

သူတို့အားလုံးကိုတော့ ကျမရဲ့ နောက်ဆုံးထွက်သက်တိုင်အောင် လွမ်းနေပါရစေ။

အဲဒီ မျက်ရည်တွေ၊ အလွမ်းတွေက ကျမကို ခွန်အားတွေ ဖြစ်စေမှာပါ။

ယုံကြည်ပါ၊ ရှိခိုးဦးခိုက်ပါရဲ့ … အလွမ်းရိုက်လို့ ရေးတဲ့ စာပါ။

(ရုပ်ပုံ - ခင်ဝမ်းပန်းချီကား၊ ကရင်ဒုံးယိမ်း၊ http://phonyo.blogspot.com/ က ရပါတယ်)

Ref : - http://moemaka.com/index.php?option=com_content&task=view&id=3996&Itemid=92 - MoeMaKa News & Media