Saturday, October 31, 2009
Thursday, October 29, 2009
KMKZ - RFA 02
လို့ ဈေးသည်အမျိုးတဦးက ပြောပါတယ်။
Friday, October 16, 2009
Khaing Mar Kyaw Zaw - Garbage Lives at the Borders
နယ်စပ်လမ်းက ဝမ်းတထွာ ၁
ခိုင်မာကျော်ဇော
အောက်တိုဘာ ၁၇၊ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘတ်ဆောင်ကွင်းအရပ်မှာ မြန်မာနိုင်ငံသား ကလေးလူကြီး ၂ဝဝ ကျော်ဟာ အမှိုက်ကွင်းကြီးတခုရဲ့ ပတ်ပတ်လည်မှာ တဲအိမ်လေးတွေထိုးပြီး အမှိုက်ပုံကြီးတွေကို ထိုးဆွမွေနှောက်ပြီး ဝမ်းကြောင်းနေကြရ ပါတယ်။ သူတို့ဟာ မြန်မာပြည် မြို့ကြီးမြို့ငယ်တွေကနေ အကြောင်းအမျိုးမျိုးနဲ့ အမှိုက်ကွင်းကြီးရှိရာကို ရောက်ရှိလာကြ တာပါ။
တချိန်ကတော့ သူတို့ဟာ ရာဘာခြံစိုက်ခင်းပိုင်ရှင်တွေ၊ ကျေးရွာတွေမှာ အိုးပိုင်အိမ်ပိုင်တွေနဲ့ အတည်တကျနေ ထိုင်ကြသူတွေ၊ လယ်ယာလုပ်ငန်းတွေနဲ့ ဝမ်းကြောင်းကြသူတွေ၊ စစ်အစိုးရ စစ်တပ်တွေထဲမှာ စစ်မှုထမ်းခဲ့သူတွေဖြစ်ပါတယ်။ အခုလို ဆိုးဝါးနိမ့်ကျလှတဲ့ အခြေအနေမျိုးမှာတော့ နောက်ကြောင်းကန့်လန့််ကာတွေကို နာနာပိတ်ပြီး ဘဝဆိုးကြီးထဲမှာ မျက်လုံးစုံမှိတ်ပြီး အသက်ဆက်နေပုံရပါတယ်။
သူတို့နေတဲ့ အမှိုက်ကွင်းကြီးနဲ့ အမှိုက်ပုံကြီးတွေရှိရာကို ကျမ ၃ ကြိမ်တိတိ ရောက်ခဲ့ဖူးပြီး သူတို့နဲ့ စကားတွေလည်း ပြောခဲ့ဖူးပါတယ်။ အမှိုက်ပုံကြီးတွေကနေ ထိုးထွက်လာတဲ့ အနံဆိုးကြီးတွေကို နေ့ညမပြတ်ရူရိုက်ရင်း အမှိုက်သရိုက် အညစ်အကြေး ပေါင်းစုံကြားက ဗူးခွံ၊ ပုလင်းခွံနဲ့ ပလပ်စတစ်အိတ်စတာတွေကို သူ‹ထက်ငါ တိုးဝှေ့လုယက်ပြီး ရှာဖွေစားသောက်နေ ရတဲ့ သူတို့ဘဝက အလွန်တရာမှ ကြေကွဲစရာကောင်းလှပါတယ်။
ဘတ်စံကွင်းအရပ်က အမှိုက်ပုံကြီးတွေရှိရာကို မနက် ၄ နာရီကျော် ၅ နာရီအချိန်လောက် သွားကြည့်ရင် အမှိုက် ကွင်းကြီးရဲ့အလယ်မှာ ဘွတ်ဖိနပ်အရှည်ကြီးတွေစီး ပီနန်အိတ်ကြီးတွေလွယ်၊ ပေါက်ချွန်းလိုလို တံဇဉ်လိုလို တုတ်ချောင်း အရှည်ကြီးတွေကိုကိုင်ပြီး စီးတန်းစောင့်ဆိုင်းနေတဲ့ ကလေး၊ လူကြီိး၊ ယောက်ျား၊ မိန်းမ အသက်အရွယ်စုံတဲ့ လူတန်းရှည်ကြီး (၂)တန်းကို မြင်ကြတွေ့ကြရမှာပါ။ သူတို့ဟာ အမှိုက်ကားကြီးတွေ သယ်ဆောင်လာမယ့် ဗူးခွံ၊ ပုလင်းခွံ၊ ပလပ်စတစ်အိတ် မျိုးစုံ၊ အသီးအနှံ၊ အစားအသောက်၊ အသုံးအဆောင်တွေရဖို့အတွက် စီတန်းစောင့်ဆိုင်း နေကြတာပါ။
ကားကြီးတစီးစာ အကွာအဝေးရှိတဲ့ လူတန်းရှည်ကြီးထဲကို အမှိုက်ကားကြီးတွေဝင်ရောက် အမှိုက်တွေကို သွန်ထုတ် လောင်းချပစ်လိုက်တဲ့အခါမှာ သူ့ထက်ငါ တိုးဝှေ့လုယက်ကြတဲ့အသံတွေ၊ အမှိုက်တွေကို ထိုးဆွမွေနှောက်ကြတဲ့ အသံတွေ၊ အပြန်အလှန်ငြင်းခုန်ကြတဲ့သံတွေနဲ့ အမှိုက်ကွင်းကြီးတခုလုံး ပွက်ပွက်ညံနေပါတယ်။
အမှိုက်ကားကြီးတွေက မနက်၊ နေ့လည်၊ ညနေ တနေ့ကို (၃) ကြိမ်လာပါတယ်။ အဲဒီအချိန်မှာ သူတို့အားလုံး စီတန်း နေရာယူပြီးမှ သူတို့အလိုရှိတာကို ရှာဖွေယူရပါတယ်။ ကျန်အချိန်တွေမှာတော့ အမှိုက်ကွင်းတခုလုံးကို သူတို့ စိတ်ကြိုက် ရှာဖွေ မွေနှောက်ခွင့်ရှိပါတယ်။ ရလာတဲ့ ပစ္စည်းတွေကိုတော့ အဝယ်ဒိုင်တခုမှာပဲ သူတို့ ရောင်းရပါတယ်။
သူတို့အတွက် ဒီစည်းကမ်းချက်တွေကို ထုတ်ခဲ့သူက အမှိုက်ကွင်းကြီးကို လေလံယူထားတဲ့ ထိုင်းအမျိုးသားတဦးပါ။ သူက သူတို့ရဲ့ အဝယ်ဒိုင်ပိုင်ရှင်လည်းဖြစ် သူတို့အားလုံးရဲ့ အမှုအခင်းတွေကို ဒိုင်ခံဖြေရှင်းပေးသူလည်း ဖြစ်ပါတယ်။
“စည်းကမ်းမလိုက်နာတာတို့ ရတဲ့ပစ္စည်းကို သူ့ရဲ့အဝယ်ဒိုင်မှာမရောင်းပဲ တခြားမှာသွားရောင်းတာတို့လုပ်ရင် သူက ကျနော်တို့ကို အမှိုက်ကောက်ခွင့် မပေးဘူး။ နေခွင့်လည်း မပေးဘူး” လို့ လူငယ်တဦးက ပြောပါတယ်။
ဘတ်ငွေ ၂ဝ၊ ၃ဝ ရဖို့ မိုးလင်းကနေ မိုးချုပ်ထိ အမှိုက်ကွင်းကြီးထဲမှာ သူတို့ တနေကုန်ရတာပါ။ ဒီငွေဟာ သူတို့မိသားစုတွေအတွက် ဆန်ဖိုး၊ ဆီဖိုးပဲကာမိတယ်လို့ သူတို့က ပြောကြပါတယ်။ ကျန်တာတွေကို အမှိုက်ပုံကြီးထဲမှာပဲ သူ တို့ ရှာဖွေစားသောက်ရတယ်လို့ အမျိုးသမီးတဦးက ပြောပြပါတယ်။
“သူများက မကောင်းလို့ ပစ်လိုက်ပေမယ့် ကျမတို့ အတွက်တော့ အများကြီိး အသုံးဝင်ပါတယ်။ အမှိုက်ပုံကရတဲ့ အသားငါး၊ အသီးအနှံတွေကို ရေနဲ့ဆေးပြီး အဆင်ပြေသလို ချက်ပြုတ်စားသောက်ကြတယ်”လို့ သူက ဆက်ပြောပြပါတယ်။
ဈေးရပ်ကွက်ကလာတဲ့ အမှိုက်ကားကြီးတွေဆီက အသားငါး၊ ငါးခြောက်ငါးခြမ်း၊ အသီးအရွက်၊ ငရုပ်၊ ကြက်သွန်၊ ပဲစတာတွေကို သူတို့ရတတ်ပါတယ်။ သရက်သီး၊ ဖရဲသီး၊ လိမ်မော်သီး၊ မာလာကာသီး၊ ဒူးရင်းသီး၊ လိုက်ချီးသီးစတဲ့ ရာသီပေါ် အသီးအနှံတွေ စားရဖို့အတွက်လည်း ဈေးရပ်ကွက်ကလာတဲ့ အမှိုက်ကားကြီးတွေကို သူတို့မျှော်တတ်ပါတယ်။
အမှိုက်ပုံကြီိးကိုမှီပြီး၊ အမှိုက်ကားကြီးတွေကိုမျှော်ပြီး စားသောက်နေရတဲ့ဘဝကို သူတို့တဦးတယောက်မှ သဘော မကျကြပါဘူး။ ဒါပေမယ့် ဒီဘဝထဲကရုန်းထွက်ဖို့လည်း သူတို့မှာ လမ်းမမြင်ကမ်းမမြင်ဖြစ်နေပါတယ်။
“မြန်မာပြည်မှာ ဘယ်လို မှ လုပ်စား ကိုင်စားလို့မရတော့လို့ ဒီနိုင်ငံကိုရောက်လာတာ။ မြို့ထဲမှာလည်း ရဲတွေကအမြဲဖမ်းတော့ အမြဲတမ်းလိုလို ဟိုဘက်ကမ်းကို ပြန်ပို့ခံနေရတာ။ မိသားစုနဲ့ လုပ်ကိုင်စားသောက်ဖို့က အဆင်မပြေဘူး။ ဒီမှာနေရတာက နည်းနည်းတော့ တော်တာပေါ့”လို့ အမျိုးသားကြီးတဦိးက ပြောပြပါတယ်။
အမှိုက်ကွင်းကြီးပတ်ပတ်လည်မှာ နေကြတဲ့ သူတို့ကိုလည်း ထိုင်းရဲတွေက ချမ်းသာပေးတာမဟုတ်ပါဘူး။ မြို့ထဲနဲ့ မြို့ပြင် အဖမ်းအဆီးစိပ်တာနဲ့ ကျဲတာပဲ ကွာတာပါ။ ထိုင်းရဲတွေ သူတို့ကိုဖမ်းပြီး သူတို့ပြောတဲ့ ဟိုဘက်ကမ်းဆိုတဲ့ မြဝတီ ဘက်ကမ်းကို ဘယ်လောက်ပဲပြန်ပို့ပြန်ပို့ သူတို့ကတော့ မဲဆောက်မြို့စွန်က အမှိုက်ပုံကြီးရှိရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ မရောက် ရောက်အောင် ပြန်လာကြပါတယ်။
“ဟိုဘက်ကမ်းမှာဆိုရင် စားရာမဲ့သောက်ရာမဲ့နဲ့ ကျနော်တို့ သူတောင်းစားတွေဖြစ်သွားမှာ။ အဲဒီဘဝတော့ ကျနော် တို့ မရောက်ချင်ဘူး။ အမှိုက်ပုံက ညစ်ပတ်တယ်။ အ့နံ့ဆိုးတယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်ရှာတာကို ကိုယ်စားနေတာ။ ကျနော်တို့ ဘယ်သူ့ဆီမှာမှ လက်ဝါးဖြန့်ခံ စားနေတာမဟုတ်ဘူး။ ဘယ်သူ့ဆီကမှာမှလည်း မတရားလုယူ စားသောက်နေတာမဟုတ်ဘူး”လို့ အမျိုးသားကြီးတဦးက နာနာကျည်းကျည်းနဲ့ သူ့ရင်ဘတ်ထဲက စကားလုံးတွေကို အန် ထုတ်ခဲ့ပါတယ်။
ဒီစကားကို မြန်မာပြည်ကြီး ခေတ်မှီတိုးတက်ဖွံ့ဖြိုးနေပြီလို့ မျက်လုံးစုံမှိတ် ကြွေးကြော်နေကြတဲ့ မြန်မာစစ်ဗိုလ်ချုပ် ကြီးတွေ။ ကျမတို့ တိုင်းပြည်ရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ချယ်လှယ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ၊ ကျမတို့ပြည် သူတွေကို မတရားဗိုလ်ကျ အနိုင်ကျင့်စော်ကားပြီး စည်းစိမ်ယစ်နေကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို သိစေကြားစေချင် လိုက်တာ။
မြန်မာပြည်ကြီး ဆင်းရဲခြင်း ချောက်ကြီးထဲကို ထိုးကျနေပြီ။ မြန်မာပြည်သူပြည်သားတွေ ဆင်းရဲတွင်းဘယ်လောက်ထိ နက်နေပြီဆိုတာကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ သိများမှ သိပါလေစ။
( အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်တဲ့ ရေခြားမြေခြားမြန်မာများကို ပြန်လည် ဖော်ပြခြင်းဖြစ်သည်။)
Thursday, October 8, 2009
Khaing Mar Kyaw Zaw - Blood Sisters
စကားပြောသော သွေး
ခိုင်မာကျော်ဇော
အောက်တိုဘာ ၉၊ ၂၀၀၉
ဒီလဟာ ကျမရဲ့ မွေးလမို့လားတော့မသိ ဒီလထဲမှာ မောင်နှမတွေကို ကျမ သတိရနေမိတယ်။ ထူးထူးခြားခြား သတိရမိတာကတော့ အမကိုပါ။ အခုလည်း အမကို သတိတရ ရှိတာနဲ့ ဒီစာလေးကို ကျမ ရေးဖြစ်ပါတယ်။
အမနဲ့ကျမအကြောင်းကို စာလုံးတွေနဲ့ရေးချမယ်ဆိုတော့ ကျမ ဘယ်က ဘယ်လို စရမှန်းမသိ ဖြစ်နေပါတယ်။ ပုံပြင်တွေ၊ ဇာတ်ကြောင်းတွေပြောသလိုမျိုး ငယ်ငယ်တုန်းကလေလို့ ဇာတ်လမ်းစဖို့ကလည်း ခက်ခက်ပါပဲ။
အမနဲ့ကျမက တအူတုံထဲ ဆင်းခဲ့ကြတာမှန်ပေမယ့် အတူတူနေထိုင် ကြီးပြင်းခဲ့ကြတာ မဟုတ်လေတော့ အမနဲ့ ကျမရဲ့ ဇာတ်လမ်းကို ဘယ်ကဘယ်လို စရမှန်းမသိ ဖြစ်နေရတာပါ။
ကျမမှတ်မိတာက စပြောရရင် ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို တောရွာလေးတရွာကနေ ကျောင်းလာတက်တဲ့ တောသူ ကောင်မလေးတယောက်ကို မြို့က အိမ်ရှင်သူဌေးသမီးက အပေါ်စီးကနေ ဆရာလုပ်ဆက်ဆံခဲ့တာတွေက စပြီး ပြောရမလိုပါပဲ။
တကယ်လည်း အမကို ကျမ မလိမ်မိုးမလိမ္မာနဲ့ အဲဒီလို ပြုမူဆက်ဆံ ပြောဆိုခဲ့ပါတယ်။ မလိမ်မိုး မလိမ္မာလို့ပြောလို့ ကိုယ့်ကိုယ်ကို ကာကွယ်တယ်လို့တော့ ကျမအပေါ် ကောက်ချက်ချ မစောလိုက်ပါနဲ့။ အဲဒီအချိန်က အမကို ကျမရဲ့ အမပါလို့ ဘယ်သူမှ ကျမကို ပြောပြခဲ့တာ မဟုတ်ပါဘူး။
မိဘတွေဆုံးပါးသွားလို့ တကောင်ကြွက်ဖြစ်နေတဲ့ ကောင်မလေးတယောက်ကို အဖိုးအဖွားတွေက သနားလို့ မွေးစားထားသလိုလို။ အဖိုးအဖွားတွေနဲ့ ကျေးဇူးမကင်းတဲ့သူတွေရဲ့ ကလေးတဦး လိုလို။ ကျမနဲ့ သွေးအများကြီးဝေးတဲ့ ဝမ်းကွဲမောင်နှမလိုလိုနဲ့။ ဘယ်သူကမှ အမနဲ့ ကျမကို ညီိအမရင်းတွေပါလို့ တိတိကျကျ ပြောပြခဲ့တာမဟုတ်ပါဘူး။
မြို့ပြတွေမှာ နေခဲ့ရပြီး အားနည်းချက်တခုကြောင့် အဖိုးအဖွား၊ မိဘများရဲ့ အလိုလိုက်ခံဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကျမဟာ အမကိုသာမက မိဘဖိုးဖွားများနဲ့ ဦးလေး၊ အဒေါ်များ၊ မောင်နှများနဲ့ သူငယ်ချင်းများကို နေရာတကာမှာ ဆရာလုပ်တတ်ပြီး မဟုတ်မခံစွာစွာတာတာ လုပ်တတ်တဲ့အကျင့်ကြောင့် ရိုးရိုးအအ တောကတက်လာတဲ့အမကို အပေါ်စီးကနေ ဆက်ဆံခဲ့မိတာပါ။
ဒီအကြောင်းတွေပြောရရင် ကျမ ဝမ်းလည်းနည်းပါတယ်။ ပြီးတော့ ကျမငယ်ဘဝ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ အကျင့်ဆိုးအတွက်လည်း နောင်တများစွာ ရမိပါတယ်။
အမနဲ့ ကျမ စပြီးဆုံခဲ့တာက ကျမ အဖိုးအဖွားတွေရဲ့ အိမ်မှာပါ။ အမက ကျမ အဖိုးအဖွားအိမ်မှာနေပြီး ကျောင်းလာတက်တာပါ။ အမက ကျမရဲ့ မောင်နှမအရင်းအခြာတွေထဲမှာ အကြီးဆုံး သမီးပါ။ ကျမ အပါး(အဖေ)တော်လှန်ရေးသမားကြီးရဲ့ အချစ်ဆုံးသမီးလည်း ဖြစ်ပါတယ်။ အကြီးဆုံးသမီး၊ အချစ်ဆုံးသမီးဆိုတော့ အမက သူ့မိသားစုတွေထဲမှာတော့ ဗိုလ်ပါပဲ။
ကျမနဲ့တွေ့တော့ အမဟာ ကျမ ဗိုလ်ကျသမျှခံ ကျမပြောခိုင်းသမျှ လုပ်ပေးရတဲ့ ကျမ ခိုင်းဖတ် ဖြစ်နေပါတယ်။
ကျမကို မွေးစားခဲ့တဲ့ ကျမအဖေက စစ်မှုထမ်းတဦိးပါ။ အဖေ တာဝန်ကျတဲ့ မြို့ကနေ တောမှာရှိတဲ့ ကျမတို့ အဖိုးအဖွားတွေရှိရာကို ကျမတို့ နှစ်စဉ်နှစ်တိုင်း အလည်လာလေ့ရှိပါတယ်။ အဖေအမေတွေ မလာရင်တောင်မှ အဖိုးရဲ့ အသည်းစွဲဖြစ်တဲ့ ကျမကို တနှစ်တခေါက် ပြန်ပို့ပေးဖို့ အဖိုးက ကျမအမကို စာရေးမှာတတ်ပါတယ်။
နွေကျောင်းပိတ်ရက်တခုမှာ ကျမတို့ရွာကို အလည်ပြန်တော့ အမနဲ့ကျမ စပြီးဆုံရပါတယ်။
ကျောင်းကြီးပိတ်ပေမယ့် အမက မိဘတွေရှိတဲ့ တောလှန်ရေးနယ်မြေကို ပြန်လမ်းမသာသူ မို့ ပြန်ခွင့်မရဘဲ ကျမနဲ့ ဆုံခဲ့ရတာပါ။ အမဟာ ကျမထက် (၈) နှစ်ကျော်ကြီးပါတယ်။ ဒါပေမယ့် အမနဲ့ကျမ ပညာအရည်အချင်းအရတွက်ရင် (၁)တန်း ပဲကွာပါတယ်။ အဲဒီအချိန်က ကျမက (၃)တန်း၊ အမက(၄)တန်းပါ။
ကျမထက် အသက်များကြီးကွာပြီး အတန်းသိပ်မကွာတဲ့ အမကို ကျမက အထင်သေးပါတယ်။ ပြီးတော့ အမရဲ့ဝတ်စားဆင်ယင်မှု၊ အပြောအဆို အနေအထိုင် ထုံထုံအအ ဖြစ်မှုတွေကို ကျမ အထင်သေးပါတယ်။ ကျမ အမကို ပိုပြီး အထင်သေးတာကတော့ ကျမကျောင်းက သင်တဲ့စာတွေ ရွတ်ပြဆိုပြရင် အမက မျက်လုံးကြီးတွေ ကလယ်ကလယ်နဲ့ ကျမကို ကြောင်ပြီး ကြည့်နေတာကိုပါပဲ။ သင်္ချာဆိုရင်လည်း အမက ကျမထက်ညံ့ပါတယ်။
အဲဒီအချိန်က အမကို ကျမ နှိမ်ချ ပြောတတ်တဲ့ စကားတွေကို ကျမ အမှတ်ရနေပါသေးတယ်။
“ ဒီအရွယ်ကြီးနဲ့ အတန်းက(၄)တန်းပဲရှိသေးတယ်”
“(၄) တန်းလည်း ပြောသေးတယ်။ (၃) တန်းစာမေးတော့လည်း တလုံးမှမရဘူး”
“သင်္ချာကလည်း ညံ့လိုက်တာ ခြာတူးကို လန်နေတာပဲ”။
နောင်နှစ်ပေါင်းများစွာကြာမှ ကျမအဖိုးအဖွားတွေပြောပြလို့ အမကြောင်းကို ကျမသိရပါတယ်။
“နင့်အမက တောထဲမှာပဲ (၁) တန်း အထိပဲ ကျောင်းနေရတာ”
“သူတို့ကျောင်းတွေကလည်း တနှစ်တကျောင်း ပြောင်းနေရတာ စာကောင်းကောင်း သင်ရတာမဟုတ်ဘူး”
“သူ့အဖေက သူ့သမီးကို စာတတ်စေချင်လွန်းလို့ အဖွားတို့ဆီပို့လိုက်တာ”
“သူ့အရွယ်ကလည်းကြီး အသက်ကလည်းကြီးတော့ အရွယ်နဲ့အတန်းမလိုက်မှာစိုးလို့ တွဲဖက်ကျောင်းက ဆရာလေးနဲ့တိုင်ပင်ပြီး သူ့ခင်မျာ (၄) တန်းစာ သင်နေရတာ။ ညည်းတို့ကျောင်းက စာတွေ သူဘယ်ရပါ့မလဲ”တဲ့။
ကျမ တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
နွေကျောင်းပိတ်ရက် (၃)လလုံးမှာ အမဟာ ကျမ အနိုင်ကျင့်သမျှ၊ ကျမ ဗိုလ်ကျသမျှကို ခံခဲ့ပါတယ်။ ကျမ ပြောသမျှ၊ လုပ်သမျှကို အမခေါင်းငုံ့ခံခဲ့တာကလည်း ကျမဟာ သူ့ရဲ့ညီမလေးတယောက်ဖြစ်နေတယ်ဆိုတာကို အမက သိထားလို့လည်း ဖြစ်ပါတယ်။
အမနဲ့ ကျမဟာ အထက်အောက် ညီမတွေ မဟုတ်ပါဘူး။ အမနဲ့ ကျမကြားမှာ အကိုတယောက် ရှိပါသေးတယ်။ သူတို့ကတော့ အမိုး အပါး (အဖေ အမေ) တွေပြောပြလို့ ကျမအကြောင်းကို ကောင်းကောင်းသိနေပုံရပါတယ်။ သူတို့မှာ ညီမတယောက်ရှိတယ်။ အဲဒီညီမက မြို့မှာကျောင်းသွားနေတယ်ပေါ့။ မြို့မှာကျောင်းနေတဲ့ ညီမက သူ့အမကို ဘယ်လို ဗိုလ်ကျတယ်ဆိုတာကိုတော့ အဲ့ဒီအမက သူတို့ကို ပြန်ပြောပြ မပြတော့ ကျမ အတိအကျမသိပါဘူး။
အမအပေါ် ကျမ အနိုင်ကျင့် ဗိုလ်ကျတာတွေကိုတော့ ကျမ အဖွားက တစက်မှ သဘောမကျပါဘူး။ သူ့မြေးကို ကျမက နှိပ်စက်တယ်ဆိုပြီး အဖိုးနဲ့အဖွား စကားတွေများကြပါတယ်။ ကျမတို့အကြောင်းကိုလည်း အဖွားက ဖွင့်ပြောမယ် တကဲကဲလုပ်တော့ ကျမအဖိုးက သူ့ငှက်ကြီိးတောင်ဓားကို ထဆွဲပါတော့တယ်။ ကျမဟာ မွေးစားသမီးတယောက်ဖြစ်တယ်ဆိုတာကို ကျမ အဖိုးအပါအဝင် ကျမမိဘတွေက ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး။ ဒီအမေ၊ ဒီဖေ၊ ဒီအဖိုးအဖွားဆိုတဲ့အသိနဲ့ ပျော်ရွင်ကြေနပ်နေတဲ့ ကလေးတဦးရဲ့ ပျော်ရွင်မှုကို ဘယ်အကြောင်းတရားနဲ့မှ ပျောက်ပျက် မသွားစေချင်ကြပါဘူး။ နောက်ဆုံးတော့ အဖွားကပဲ သူ့ဒေါသ သူသတ်ပြီး အလျော့ပေးခဲ့ရတယ်လို့ ကျမ ပြန်ပြီးသိခဲ့ရပါတယ်။
ကျမတို့အဖိုးအဖွားခြံမှာ နွေကျောင်းပိတ်ရက်ဆိုရင် မြေးမြစ်တွေ စုံကြပါတယ်။ အားလုံးထဲမှာ မြို့ကလာတဲ့ ကျမကတော့ ဗိုလ်ပါပဲ။ ကျမတို့အဖိုးအဖွားခြံက အတော့်ကိုကျယ်ပါတယ်။ စားပင်သီးပင်တွေလည်း တော်တော်စုံပါတယ်။ အုန်း၊ ငှက်ပျော၊ သရက်၊ မာလာကာတွေကို ကျမတို့တွေ မုန်းအောင်ကိုစားရပါတယ်။ ကျမတို့ကလေးတွေ တက်ထိုင်ပြီိး စိတ်ကြိုက်ခူးစားလို့ရတဲ့ အူနီသီး မာလကာပင်ကြီးတွေလည်းရှိပါတယ်။ ကျမ တွန်းချလို့ အမ မာလာကာပင်ကြီးပေါ်က ပြုတ်ကျပြီး ဒူးကွဲဖူးပါတယ်။
စာသင်တမ်းကစားတဲ့အခါ ကျမက ဆရာမ၊ အမက တပည့်။ စာလို့မရလို့ ဝါးခြမ်းပြားနဲ့ တဖြန်းဖြန်းရိုက်သူက ကျမ၊ အရိုက်ခံရသူက အမပါ။ ဈေးရောင်းတမ်းကစားရင် ကျမက ချိန်ခွင်တလုံးနဲ့ အချိန်ပြည့်ဈေးရောင်းနေသူဖြစ်ပြီး အမက အသီးအရွက်တွေ ရှာပေးရသူပါ။ စိန်ပြေးတမ်းကစားဖို့ ကျားဗိုလ်ဆွဲလို ဘယ်သူပဲနိုင်နိုင် ကျမက ပြေးသူ အမြဲဖြစ်ပြီး အချိန်ပြည့်လိုက်ရသူက အမပဲဖြစ်ပါတယ်။ ပြေးလွှားကစားကြတဲ့အခါမှာ ကျမဖိနပ်ကို ကိုင်ပေးရသူက အမပါ။ အမအပေါ်မှာ စိတ်နဲ့မတွေ့ရင် မတွေ့သလို ခေါင်းခေါက်တာတို့၊ ဆွဲစိတ်တာတို့ ကျမလုပ်တတ်သလို အမအကျီ င်္၊ စကတ်တွေကို ဘရိတ်ဓားနဲ့လှီးတာကိုလည်း ကျမ လုပ်တတ်ပါသေးတယ်။
အမကတော့ ကျမ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ခေါင်းငုံခံရှာပါတယ်။ အသားနာလို့ မခံနိုင်တဲ့အခါမျိုးမှာ အမ ကြိတ်ပြီးငိုပါတယ်။ နွေကျောင်းပိတ်ရက် (၃)လမှာ ကျမ ဒဏ်ကို အမတော်တော် ခံလိုက်ရပါတယ်။
နောက်တော့ အမနဲ့ကျမ အကြာကြီး ကွဲသွားခဲ့ပါတယ်။ အမနဲ့ ကျမ တော်တော်နဲ့ ပြန်မဆုံခဲ့ဘူး။ တနှစ်တခေါက် နွေကျောင်းပိတ်လို့ အဖိုးအဖွားတွေဆီကို ပြန်တဲ့အချိန်မှာ အမကို ကျမ သတိရတတ်ပါတယ်။ အမအကြောင်းကျမ မေးရင် “သူ့မိဘတွေဆီ ပြန်သွားပြီ”လို့ပဲ အဖိုးအဖွားတွေက ကျမကို အဖြေပေးတတ်ပါတယ်။ ကျမ (၉) တန်းနှစ်ရောက်တော့ အမနဲ့ကျမ တခါထပ်ပြီး ဆုံရပါတယ်။ အဲဒီအချိန်မှာ အမ အိမ်ထောင်ကျနေပါပြီ။
အရွယ်ကြီးပြီး စာမလိုက်နိုင်တော့ အမက ရှက်တယ်ဆိုပြီး မိဘတွေဆီပြန်ဖို့ပူဆာလို့ တောထဲကို အမပြန်ရောက်သွားပါတယ်။ အဲဒီနှစ်မှာပဲ အပါး(အဖေ)ရဲ့ တပ်ခွဲက ဆေးတပ်သားတယောက်နဲ့ အမ ခိုးရာလိုက်ပြေးပါတယ်။ အဲဒီအချိန်က အမအသက် (၁၇) နှစ်လို့ သိရပါတယ်။ အမက အပါးရဲ့ အချစ်ဆုံးသမီးပါ။ ဒီအတွက် အပါး ဒေါသူပုန်ထခဲ့တယ်လို့ ဆိုပါတယ်။ သူ့သမီးငယ်ငယ်ရွယ်ရွယ်လေးကို ခိုးပြေးရပါ့မလားဆိုပြီး သူ့ရဲ့ဘော်ကို သေနတ်ဖောက်၊ ခြိမ်းခြောက်တာတွေလုပ်တော့ အမနဲ့ သူ့ခင်ပွန်းတို့ တော်လှန်ရေးနယ်မြေထဲက ထွက်ပြေးလာကြပြီး သူ့ခင်ပွန်းရဲ့ ဇာတိရွာမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။
အမခင်ပွန်း မိဘတွေက ဥယျာဉ်ခြံတွေစိုက်ပါတယ်။ ဆင်တွေလည်းရှိတော့ အမခင်ပွန်းက ဆင်ဦိးစီးအလုပ်ကို လုပ်ပါတယ်။ အမတို့နေတဲ့ရွာက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက တောင်ခြေရွာလေးပါ။ သူတို့ တောင်ခြေရွာလေးကနေကြည့်ရင် ကျိုက်ထီိးရိုးဘုရားကြီးကို ထင်းထင်းလင်းလင်း မြင်ရပါတယ်။
အမက အပါးရဲ့အချစ်ဆုံးသမီးဖြစ်သလို ကျမအဖွားရဲ့ အသည်းကျော်လည်းဖြစ်တာမို့ ကျမအဖွားက အမ ဘယ်ရောက်ရောက် အမသတင်းကို အမြဲစုံစမ်းထောက်လှမ်းပါတယ်။ အမနေတဲ့နေရာ ဘယ်လောက်ဝေးဝေး မရောက်ရောက်အောင်လည်း သွားတတ်ပါတယ်။ အမနေတဲ့ တောင်ခြေရွာလေးကို အဖွားသွားတော့ ကျမအဖွားရဲ့ အဖော်အဖြစ်နဲ့ လိုက်ရပါတယ်။
ကျမ အဖိုးနဲ့ မိဘများကတော့ သိပ်သဘောမကျလှပါဘူး။ အမတို့မှာ ဆင်ရှိတာကို အဖွားပြောပြလို့ သိထားတဲ့ ကျမကတော့ ဆင်စီးချင်လို့ အဖွားနောက်ကို လိုက်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။
အဲဒီအချိန်မှာ အမနဲ့ ကျမ ဆက်နွယ်မှုကို ကျမ သိခဲ့ရတာက အမနဲ့ ကျမ မောင်နှမ(၂)ဝမ်းကွဲတော်တယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းကို အမေခင်းခဲ့တယ်ဆိုတာ ကျမနောက်မှ သိရပါတယ်။ အမနဲ့ ကျမ မောင်နှမအရင်းအခြာပါလို့ အမေက ကျမကို မသိစေချင်ပါဘူး။ သွေးက စကားပြောလာမယ်ဆိုတာကိုလည်း အမေ နားလည်လက်ခံထားပုံ ရပါတယ်။ ဒါကြောင့်လည်း မနီးမဝေးသွေးအဖြစ်နဲ့ အမေဇာတ်လမ်း ဆင်ခဲ့တာပါပဲ။ အမေနဲ့ အမကြားမှာ ဘယ်လို သစ္စာဆိုထားတယ် မသိပါဘူး။ အမက ကျမကို သူ့ညီမလေးဖြစ်တာကို သိနေခဲ့ပေမယ့် ကျမဟာ သူ့ညီမဖြစ်တယ်ဆိုတဲ့ စကားကို အမတခါမှ မဟခဲ့သလို။ တခါမှလည်း အရိပ်အရောင် မပြခဲ့ပါဘူး။ ဒါပေမယ့် အမ ကျမရဲ့ အနွံအတာတော့ အများကြီးခံခဲ့ပါတယ်။
တောင်ခြေရွာလေးမှာ အမနဲ့ကျမ ပြန်ဆုံကြတော့ အမအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ ကျမက အားတုံ့အားနာနဲ့ အမမျက်နှာ လှမ်းကြည့်ပါတယ်။ အမကတော့ သူ့ထုံးစံအတိုင်း မတုန်မလှုပ် အေးတိအေးစက်နဲ့။ ဒါပေမယ့် ကျမကြိုက်တတ်တဲ့ ဟင်းတွေကို အိုးကြီးခွက်ကြီးတွေနဲ့ အချိန်ပြည့်ချက်ပါတယ်။ ထမင်းလက်ဆုံ စားကြတော့လည်း စကားတလုံးမှ မပြောပဲ ကျမ ပန်းကန်ထဲကို ဟင်းတုံးတွေ အပြည့်ခပ်ထည့်ပေးခဲ့ပါတယ်။ အမတို့နေတဲ့ တောင်ခြေရွာကလေးကနေ ဆင်စီးပြီး ကျိုက်ထီးရိုးဘုရား ဖူးခဲ့ရတာကိုတော့ ကျမ အရမ်းပျော်ပါတယ်။ ဒီအတွက်လည်း အမကို ကျမ ကျေးဇူးအရမ်းတင်ပါတယ်။
အချိန်တန်လို့ အိမ်ပြန်ကြမယ်ဆိုတော့ အဖွားက အမကို တတွတ်တွတ်နဲ့ မှာပါတယ်။
ကျမကတော့ ဆင်ကြီးစီးပြီး ကျိုက်ထီးရိုးဘုရားဖူးခဲ့ရတဲ့အတွေ့အကြုံကို အဖိုးနဲ့ မိဘများကို ပြန်ပြောပြဖို့ပဲ ဇောကပ်နေခဲ့ပါတယ်။
ကျမ (၁ဝ)တန်းအောင်တဲ့နှစ်မှာတော့ ကျမ အပါး (အဖေ) ဆုံးပါတယ်။
အမိုး(အမေ)နဲ့ ကျမမောင်နှမတွေလည်း အမတို့နေတဲ့ တောင်ခြေရွာလေးကို ရောက်လာကြပါတယ်။ အဲဒီကာလတွေကတော့ ကျမဘဝမှန်ကို ကျမ သိခဲ့ရ။ ကျမနှလုံးသားတွေ ကြေကွဲရ။ ကျမစိတ်တွေ ရှုပ်ထွေးရ။ အမတို့နဲ့ ကျမ နီးလိုက်ဝေးလိုက် ဖြစ်ခဲ့ရတဲ့ ကာလတွေပါပဲ။
အမကို အမတယောက်လို့ သိခဲ့ရတဲ့အချိန်မှာ ကျမ နောင်တမျက်ရည် ကျမိပါတယ်။ အမကတော့ လောကဓံတရားကို နားလည်ထားပုံရပါတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲ။
ကျမ တောခိုမယ့်လို့ ဆုံးဖြတ်တော့ အမကို အရင်ဆုံး ဖွင့်ပြောဖြစ်တယ်။ အမက ကျမဆန္ဒကို အားလည်းမပေးသလို ကန့်လည်း မကန့်ကွက်ခဲ့ဘူး။
“လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်”တဲ့။
“ကိုယ်မှန်တယ်ထင်ရင် ကိုယ်လုပ်”တဲ့။
ပြီးတော့ အမက ကျမကို စကားတခွန်းပြောတယ်။
“တို့တတွေ ဘယ်လိုပဲ ကွဲခဲ့ကွာခဲ့၊ ဘယ်လောက်ပဲ ဝေးခဲ့နီးခဲ့၊ ဘယ်အရပ်ဘယ်ဒေသကိုပဲ ရောက်ခဲ့ရောက်ခဲ့ သွေးကတော့ စကားပြောမှာပဲ”တဲ့။
ဒီနေ့လည်း သွေးက စကားပြောတယ် ထင်ပါရဲ့။
ဒီနေ့တနေ့လုံး အမကို ကျမ ထူးထူးခြားခြား သတိရနေမိတယ်။
အောက်တိုဘာ ၆ရက်၊ ၂ဝဝ၉ ခုနှစ်။ ။
(သရုပ်ဖော် - အင်တာနက်။ http://www.linrollermenard.com/images/Friedman/Friedman_Sisters24x20.jpg )