Thursday, November 19, 2009

KMKZ - RFA 05

နယ်စပ်လမ်းက ဝမ်းတထွာ - ၅

ခိုင်မာကျော်ဇော

နိုဝင်ဘာ ၁၉၊ ၂၀၀၉

လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်က ရွာကြီးတရွာ အရွယ်လောက်သာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့လေးဟာ ယနေ့အခါမှာတော့ ကုန်တိုက်ကြီးတွေ၊ အရောင်းဆိုင်ကြီးတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကာရာအို ကေဆိုင်တွေ၊ အနှိပ်ခန်းတွေနဲ့ စည်ကားတဲ့ မြို့တမြို့ဖြစ်လာနေပါပြီ။

စီးပွားရေး တိုးတက်လာတာနဲ့အမျှ မဲဆောက်မြို့နဲ့ မဲဆောက်မြို့ပတ်ဝန်းကျင် မြို့၊ ရွာတွေမှာ တိုက်တာ အဆောက်အဦတွေ တနေ့တခြားများပြားလာသလို ဆောက်လုပ်ရေးနဲ့ လမ်းတံတားဖောက်လုပ်ရေး အလုပ်တွေလည်း များပြားလာ ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ဆောက်လုပ်ရေးနဲ့ လမ်းတံတား ဖောက်လုပ်ရေးတွေမှာ အခြေခံကျတဲ့ ပန်းရံအလုပ်နဲ့ တိုက်တာအဆောက်အဦတွေကို ဆေးသုတ်တဲ့အလုပ်ကို လုပ်ကိုင်နေကြသူတွေကတော့ မြန်မာနိုင်ငံသား အလုပ်သမားတွေပါ။

ဒီအလုပ်ကို ထိုင်းကန်ထရိုက်တာတွေရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုအရ လပြတ်၊ ပုတ်ပြတ်လုပ်ကိုင် နေကြသူတွေရှိ သလို၊ တနေ့ ဘတ် ၅ဝ၊ ၆ဝနဲ့ အုတ်သယ်၊ ကျောက်သယ်၊ မဆာလာသယ်၊ ဆေးသုတ်တဲ့ အလုပ်တွေကို နေ့စားလုပ်ကိုင် နေကြသူ တွေလည်းရှိပါတယ်။

မဲဆောက်မြို့၊ မယ်ပရပ်ကွက်က အသက်(၁၄)နှစ်အရွယ် မောင်သံချောင်းနဲ့ ဖခင်ဖြစ်သူတို့ဟာ ထိုင်းသူဌေးတဦး ဦးစီး လုပ်ကိုင်နေတဲ့ အိမ်ယာဆောက်လုပ်ရေးအလုပ်အမှာ နေ့စားလုပ်ကိုင် နေကြသူတွေပါ။ အရင်က ဒီအလုပ်ကို သံချောင်းရဲ့ ဖခင်တဦးတည်းသာ လုပ်ကိုင်ပြီး သံချောင်းတို့ မိသားစုဝင်(၇)ဦးကို ရှာဖွေ ကျွေးမွေးခဲ့တာပါ။ အိမ်ခန်းဌားခတွေ ကုန်ဈေး နှုန်းတွေ မြင့်တက်လာတော့ သံချောင်း ကျောင်းကထွက်ပြီး မဆလာသယ်တဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။

ထိုင်းအလုပ်ရှင်က အသက်ငယ်ပြီး မခိုမကပ် ပေါ့ပါးသွက်လက်တဲ့ သံချောင်းကို သဘောကျပေမယ့် အဆိုတော်ဖြစ် ချင်တဲ့ သံချောင်းကတော့ မဆာလာသယ်တဲ့ အလုပ်ကို သဘောမကျလှပါဘူး။

“ကျနော်က အဆိုတော်ပဲဖြစ်ချင်တာ။ နေပူထဲ မှာ မဆလာပုံးကြီးတွေသယ်ရတာ အရမ်းပင်ပမ်းတာပဲ၊ ကျနော်တို့ဆောက်တဲ့ တိုက်ကြီးတွေသာ ကျနော်တို့ နေရမယ်ဆိုရင် တော့ သိပ်ကောင်းမှာပဲ”

လို့ နေပူခံသနပ်ခါးတွေ အထူကြီးလိမ်းထားတဲ့ သံချောင်းက ပြောပါတယ်။

သံချောင်းရဲ့ ဖခင်ဟာ မဲဆောက်၊ မြဝတီ၊ မဲပ၊ အုန်းဖန်နယ်၊ မယ်စရင်းနယ်တဝိုက်က အိမ်ယာဆောက်လုပ်ရေးနဲ့ လမ်းဖောက်လုပ်ရေးအလုပ်ကို လုပ်ကိုင်လာခဲ့တာ ၁ဝ နှစ်နီးပါးရှိပါပြီ။ လုပ်သက်ကြာမှု၊ ရိုးသားကျိုးစားမှုကြောင့် ကန် ထရိုက်တာတချို့ရဲ့ ရင်းနှီးမှု၊ ယုံကြည်မှုကိုလည်း ရှိထားသူပါ။ ထိုင်းစကားလည်း အတန်အသင့် တတ်တာမို့ ကန်ထရိုက်တာ တွေကဆင့် အဆောက်အဦးတွေ၊ အိမ်ယာတွေကို ဆေးသုတ်တဲ့အလုပ်တွေကို ပုတ်ပြတ်လုပ်လေ့ ရှိပါတယ်။

“ကန်ထရိုက်တာကောင်းရင်တော့ ပုတ်ပြတ်လုပ်ရတာက နေ့စားလုပ်ရတာထက် ပိုပြီးကိုက်တယ်။ တနေ့ ဘတ်၅ဝ၊ ၆ဝ ပေးရင် ဒီလုပ်ကို လုပ်ချင်ကြချင်တဲ့ မြန်မာအလုပ်သမားတွေ အများကြီးပဲ။ အရေးကြီးတာက ကိုယ့်ကို ပုတ်ပြတ်၊ လပြတ်အပ်တဲ့ ကန်ထရိုက်တာတွေ ကောင်းဖို့၊ ငွေချေတာမှန်ဖို့ပဲ”လို့ ဦးမင်းစိန်က ပြောပါတယ်။

အလုပ်ပြီးမြောက်တဲ့အချိန်မှာ ငွေမချေ၊ အတွေ့မခံပဲ လိမ်ပြေးလေ့ရှိတဲ့ ကန်ထရိုက်တာတွေကြောင့် ဒုက္ခရောက်ကြ ရတဲ့ ပုတ်ပြတ်၊ လပြတ်အလုပ်သမားတွေရှိသလို အလုပ်သမားခေါင်းဆောင်တွေရဲ့ လုပ်အားခေါင်းပုံဖြတ်မှုနဲ့ အနိုင်ကျင့်ဗိုလ်ကျ မှုတို့ကြောင့် လုပ်အားခမရပဲ၊ ရဲစခန်းရောက်၊ ဆေးရုံရောက်ရတဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးရှိပါတယ်။

“တချို့ ကန်ထရိုက်တာတွေ၊ အလုပ်သမားခေါင်းတွေက အရမ်းညစ်ပတ်တာ။ အလုပ်ခိုင်းတော့ တနေ့ ဘတ် ၅ဝ၊ ၆ဝပဲ ပေးရတဲ့ ကျနော်တို့ မြန်မာတွေကို တအားခိုင်းတယ်။ သူတို့ထိုင်းတွေဆို တနေ့ ဘတ် ၁ဝဝ၊ ၁၃ဝ ပေးပြီး သိပ်မခိုင်းဘူး။ ငွေပေးရမယ့်အချိန်ကြတော့ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ညစ်ပတ်ချင်တယ်။ သူတို့ပစ္စည်းတွေ ပျောက်တယ်။ ကျနော်တို့တွေ ခိုးတယ်ဆိုပြီး လူအုပ်နဲ့ဝိုင်းရိုက်တာတို့၊ ရဲကိုဖမ်းခိုင်းတာတို့ လုပ်တယ်”လို့ မြန်မာအလုပ်သမားတွေက ပြော ကြပါတယ်။

ဒီအဖြစ်တွေကို ကြုံဖူးတွေ့ဖူးလို့ လုပ်ငန်းရှင်ရွေး၊ ကန်တရိုက်တာရွေးပြီးလုပ်ကြတဲ့ အလုပ်သမားတွေရှိသလို မနက် စာမနက်၊ ညစာည ရှာစားနေကြသူတွေကတော့ အလုပ်မရွေး၊ လူမရွေးနေတော့ပဲ နေပူပူထဲမှာ အုတ်သယ်၊ ကျောက်သယ်၊ မဆလာသယ်၊ အိမ်ဆေးသုတ်တဲ့အလုပ်တွေကို သီချင်းတကြော်ကြော်နဲ့ ပျော်ပျော်ကြီး လုပ်ကိုင်နေကြပါတယ်။

အဲ့ဒီ အလုပ်သမားတွေထဲမှာ ကိုချစ်ဆွေတို့ ညီအကို(၃)ဦးလည်း ပါပါတယ်။ ဒီအလုပ်က သူတို့အဖေ အမွေပေးခဲ့တဲ့ အလုပ်ဖြစ်ပြီး သူတို့ လူလားမြောက်အောင်လည်း ဒီအလုပ်နဲ့ပဲ သူတို့အဖေက သူတို့ကို ရှာကျွေးခဲ့တာလို့ ကိုချစ်ဆွေက ပြောပါတယ်။

“အဖေက သူ့အလုပ်ကို သံယောဇဉ်သိပ်ကြီးတာ။ ဒီအလုပ်ကို ပင်ပမ်းတယ်လို့ပြောရင် သဘောမကျဘူး။ ဒီအလုပ် က ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်တဲ့။ မဲဆောက်မြို့က ဆေးရုံကြီးနဲ့ တိုက်အိမ်တွေကို အဖေတို့ ဆောက်ခဲ့တာကို လည်း ပြောလို့မဆုံးဘူး”လို့ ကိုချစ်ဆွေက ပြောပါတယ်။

ကိုချစ်ဆွေတို့ ညီအကိုတွေကလည်း မြဝတီ၊ မဲဆောက်နဲ့ မဲဆောက်ပတ်ဝန်းကျင်တဝိုက်က ကုန်တိုက်ကြီးတွေ၊ တိုက် တာအဆောက်အဦးတွေကို ဆောက်လုပ်ရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အခုလည်း မဲဆောက်ဝေလရပ်ကွက်က လုံးချင်းအိမ် ယာဆောက်လုပ်ရေးအလုပ်ကို သူတို့ ပုတ်ပြတ် လုပ်ကိုင်နေကြပါတယ်။ ဒီအလုပ်ကို ထိုင်းကန်ထရိုက်တာတဦးဆီက ပုတ် ပြတ်ယူပြီး မြဝတီနဲ့ မဲဆောက်ကို သူတို့ညီအကိုတွေ မနက်သွားညပြန် လုပ်ကိုင်နေကြတာပါ။

“ကျနော်တို့ အခုလုပ်ရတာက အဖေတို့ခေတ်လိုမကောင်းတော့ ကန်ထရိုက်တာကောင်းတွေ၊ မလိမ်မကောက်တဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ တွေ့ရပါစေလို့ ဆုတောင်းရတာ အမောပါပဲ ”လို့ကိုချစ်ဆွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဆောက်လုပ်ရေးအလုပ်ကို လုပ်နေကြတဲ့ မြန်မာနိုင်ငံသားများစွာဟာ ကန်ထရိုက်တာ ကောင်းတွေ၊ စိတ်ကောင်းရှိတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆုံဖို့ဆုတောင်းကြတဲ့အပြင် ထိုင်းဘုရင်ကြီး သက် တော်ရာကျော်ရှည်ပါစေ။ ထိုင်းနိုင်ငံသားတွေ ချမ်းသာပါစေ။ တိုက်တာအဆောက်အဦးတွေ များများဆောက်နိုင်ကြပါစေလို့ ညစဉ်ညတိုင်း ဆုတောင်းနေကြပါတယ်။

Saturday, November 14, 2009

KMKZ - RFA 04


နယ်စပ်လမ်းက ဝမ်းတထွာ ၎
ခိုင်မာကျော်ဇော
နိုဝင်ဘာ ၁၄၊ ၂၀၀၉
မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ မြန်မာနဲ့ထိုင်း အလွယ်တကူ ဝင်ထွက်သွားလာလို့ရတဲ့ ဂိတ် ပေါင်းများစွာရှိပါတယ်။ အဲဒီဂိတ်တွေကနေ (၂)နှစ်နိုင်ငံ ပြည်သူတွေ ခိုးဝင်ခိုးထွက်လုပ်ကြသလို နှစ်နိုင်ငံကုန်ပစ္စည်းတွေ ခိုးတင် ခိုးချလုပ်ကြတာမို့ အဲဒီဂိတ်တွေကို ဒေသခံပြည်သူတွေက ခိုးပေါက်တွေ၊ ခိုးဂိတ်တွေလို ခေါ်ကြပါတယ်။

အဲဒီခိုးဂိတ်တွေကို ကြီးကြပ်နေကြတာက လက်နက်ကိုင်အဖွဲ့တွေပါ။ သောင်းရင်းမြစ်ကမ်းတလျှောက်မှာ ဘုရားကုန်း ဂိတ်၊ သစ်စက် ဂိတ်၊ ဒီကေဘီအေ ဂိတ်၊ ငြိမ်းချမ်းရေး ဂိတ်၊ ဝေါလေ ဂိတ်၊ (၁၁) ဂိတ်၊ (၁၂) ဂိတ်၊ (၁၃) ဂိတ်ကနေ အမှတ်စဉ် လိုက် ဂိတ်ပေါင်း ၂ဝ ကျော်ရှိပြီး အဲဒီဂိတ်တွေကို ကြီးကြပ်ပြီးအခွန်ကောက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အမျိုးမျိုးရှိ ပါတယ်။
အစိုးရအခွန်ရှောင်ချင်တဲ့ ထိုင်းကုန်သည်တွေ၊ မြန်မာကုန်သည်တွေ။ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေ အထုတ်အသွင်း လုပ်ကြသူတွေကတော့ သူတို့ပစ္စည်းတွေကို ခိုးဂိတ်တွေကနေ အတင်အချ လုပ်ကြပါတယ်။ ကုန်ပစ္စည်းတွေကို အတင်အချ လုပ်ပေးရသူတွေကတော့ မြန်မာအလုပ်သမားတွေပါ။ သူတို့ကတော့ လက်နက်ကိုင်အဖွဲ့တွေ၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေကို နေလို လလိုကြည့်ပြီး ဝမ်းကြောင်းနေကြရတာပါ။
အပေါ်ယံကြည့်ရင် သူတို့အလုပ်ဟာ ခွန်အားဗလကို အရင်းပြုလုပ်ရတဲ့အလုပ်ပါ။ တကယ်တမ်းကြတော့ နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြားမှာ အသက်ကိုရင်းပြီး သူတို့ လုပ်ကိုင်စားသောက် နေရတာပါ။ သူတို့ အလုပ်က အနေအထိုင်တတ်ဖို့၊ နှုတ်လုံဖို့၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေရဲ့ ယုံကြည်မှုရှိဖို့လိုအပ်တဲ့အပြင် မျက်စိနဲ့ နားကိုလည်း ရှင်ရှင် ထားဖို့လိုပါတယ်။ လမ်းကြောင်းရှင်းတယ်။ မရှင်းဘူးတယ်ဆိုတဲ့ အသံကိုလည်း သူတို့ အမြဲနားစွင့်ရပါတယ်။
ဂိတ်မှူးတွေဆီက လမ်းကြောင်းရှင်းတယ်ဆိုတဲ့ အသံကြားတာနဲ့ ကုန်သည်တွေရဲ့ ခွင့်ပြုချက်နဲ့ ကားကြီးကားငယ် အသွယ်သွယ်ပေါ်က ကုန်ပစ္စည်းတွေကို တဖက်ကမ်းကိုကူးမယ့် စက်လှေတွေပေါ် အလျှင်အမြန်အတင်အချ သူတို့ လုပ်ရပါ တယ်။
မြန်မာနိုင်ငံဘက်ကမ်းကနေ သူတို့အများဆုံး အတင်အချလုပ်ရတာက ကျွန်း၊ ပျဉ်းကတိုး သစ်မာသားတွေနဲ့လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ မှန်တင်ခုံနဲ့ အိမ်အလှဆင်ပစ္စည်းတွေပါ။ ငပိ၊ ငါးခြောက်၊ ငရုပ်၊ ကြက်သွန်၊ ကွမ်းသီးစတဲ့ စားကုန်ပစ္စည်းတွေကိုလည်း ရာသီအလိုက် သူတို့ အတင်အချ လုပ်ရပါတယ်။

တခါတခါမှာ ရန်ကုန်နဲ့ မန္တလေးဘက်ကဆင်းလာတဲ့ ရွှေခြည်ထိုး၊ ငွေခြည်ထိုးနဲ့ ယွန်းထည်ပစ္စည်းတွေ၊ ဘုရာဆင်းတုတော်တွေ၊ ကြေးစည်၊ ခေါင်းလောင်း၊ ရှေးဟောင်းပစ္စည်းအမျိုးမျိုးနဲ့ ပန်းချီကားအမျိုးမျိုးပါ။
ညဘက်တွေမှာတော့ အမျိုးအမည်မသိတဲ့ အထုပ်အပိုးတွေကို သူတို့ ထမ်းပိုးတင်ချရပါတယ်။
အချိန်မတော် အတင်အချလုပ်ရတဲ့ အထုတ်အပိုးတွေကိုတော့ စိတ်ကြွဆေးထုတ်တွေလို့ သူတို့က ထင်ကြေးပေး ကြပါတယ်။
ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကတော့ အမျိုးအမည်စုံပါတယ်။
ဘိလပ်မြေ၊ သွပ်၊ သံ၊ သံဇကာနဲ့ အိမ်ဆောက်ပစ္စည်းတွေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်ဗူးမျိုးစုံ၊ ဆေးဝါးမျိုးစုံနဲ့ အလှကုန်ပစ္စည်းမျိုးစုံ။ ထီး၊ ဖိနပ်နဲ့ အထည်အလိပ်အမျိုးမျိုး။ စာရေးကိရိယာနဲ့ ကလေးကစားစရာပစ္စည်းတွေပါ။


ထိုင်းဘက်ကမ်းကနေ မြန်မာဘက်ကမ်းကို ညအချိန်မတော် အမြဲလိုလို ခိုးသွင်းနေတာကတော့ နံပါတ်ပြားဖြုတ် ထားတဲ့ ကားဟောင်းတွေနဲ့ ဆိုင်ကယ်တွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
သူတို့အလုပ်က အခြေအနေ၊ အလုပ်ချိန်အခါနဲ့ လူပုဂိုလ်တွေပေါ်မူတည်ပြီး အပြောင်းအလွဲရှိသလို သူတို့ရဲ့ လုပ် အားခဝင်ငွေကလည်း ကုန်သည်တွေ၊ သူတို့ အတင်အချလုပ်ရတဲ့ ပစ္စည်းတွေ တရားဝင်မှု၊ မဝင်မှုပေါ် မူတည်ပြီး အနည်း အများရှိပါတယ်။
“ကျနော်တို့အလုပ်က နေ့တိုင်း၊ ညတိုင်း ရှိတာမဟုတ်ဘူး။ ဒါကြောင့် တနေ့ ဘယ်လောက်ဝင်သလဲဆိုတာ ပြောဖို့ ခက်တယ်။ ကုန်ရှိရင်ရှိသလို တနေ့ကို ဘတ် ၁၅ဝ၊ ၂ဝဝ ရတဲ့ အခါရှိသလို တပြားမှမရတဲ့ နေ့တွေလည်းရှိတယ်။ ပင်ပန်းပြီး ငွေရနည်းတဲ့ နေ့တွေရှိသလို သိပ်မပင်ပန်းပဲ ဘတ် ၁ဝဝ၊ ၁ဝဝကျော် ရတဲ့ နေ့တွေလည်းရှိတယ်”
လို့ အလုပ်သမားတဦးက ပြောပါတယ်။
သူတို့အပြောအရ ဒီအလုပ်ကို အိမ်ထောင်ဦး ယောက်ျားတဦး မသောက်မစားပဲ ပုံမှန်လုပ်ရင် ၄-၅ ဦးရှိတဲ့ မိသားစု တစု ဖူလုံပါတယ်။ တချိန်ထဲမှာပဲ ဒီအလုပ်ကို လုပ်ကြတဲ့ အလုပ်သမားအများစုဟာ အသောက်အစားနဲ့ မကင်းကြသလို မူးယစ်ဆေးဝါးနဲ့လည်း မကင်းကြတာများပါတယ်။
“ဒီအလုပ်က နင်လားငါလား တင်ရချရရင် အရမ်းပင်ပမ်းတာ။ ပင်ပမ်းတော့ အသောက်အစားရှိတယ်။ တချို့က စိတ်ကြွဆေးတွေ သုံးကြတယ်။ ဆေးသုံးလို့ပိုပြီး ထမ်းနိုင်ပိုးနိုင်တာရှိသလို မြင်ရာတွေ့ရာတွေ လျှောက်ပြောလို့ နှုတ်ပိတ်ခံ လိုက်ရတာတွေလည်းရှိတယ်။ လုံးပါးပါးပြီး ဘဝဆုံးသွားသူတွေလည်း ရှိတယ်”
လို့ အလုပ်သမားကြီးတဦးက ပြောပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ စိတ်ကြွဆေးက အလွယ်တကူရနိုင်သလို အသတ်ခံရတာတွေ၊ သေတာတွေကလည်း သူ တို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ ရင်းနှီးနေသလို ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ တချို့က ငွေလေးနည်းနည်းပါးပါးစုမိရင် ရွာကိုပဲပြန်တော့မယ်လို့ စိတ်ကူးထားကြသလို တချို့ကတော့ လက်ဖျားငွေရွင်တာနဲ့ သောက်လိုက်စားလိုက် ပျော်လိုက်ပါး လိုက်နဲ့ ဘဝခရီး ဆက်နေကြပါတယ်။
( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ခိုင်မာကျော်ဇော၏ ရေခြားမြေခြား မြန်မာများ ပင်တိုင်ဆောင်းပါးကို ပြန်လည် ကူးယူတင်ဆက်ခြင်းဖြစ်သည်။ အသံလွှင့်ဆောင်းပါး မူပိုင်မှာ အာရ်အက်ဖ်အေ ရေဒီယို ဖြစ်ပါသည်။ သရုပ်ဖော် ဓာတ်ပုံများမှာ ခိုင်မာကျော်ဇော ရိုက်ကူးထားသောပုံများဖြစ်ပြီး ၎င်းခွင်ြ့ပုချက်ဖြင့် ဓာတ်ပုံများကို တင်ဆက်ပါသည်။)

Monday, November 9, 2009

Khaing Mar Kyaw Zaw - Borders Series - 3

နယ်စပ်လမ်းက ဝမ်းတထွာ - ၃
ခိုင်မာကျော်ဇော


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့တောင်ဘက်မှာ အရောင်အသွေးစုံတဲ့ ပန်းခင်းကြီးတွေ၊ မျက်စေ့တဆုံး တမျှော်တခေါ်မြင်ရတဲ့ ပြောင်းဖူး၊ ကော်ဖီ၊ အာလူး၊ ငရုပ်၊ သခွားစတဲ့ စိုက်ခင်းကြီးတွေ၊ စိုပြေစိမ်းလန်းတဲ့ လိမ္မော်၊ သရက်၊ မာလာကာ ခြံကျယ်ကြီးတွေရှိပါတယ်။
ထိုင်းလူမျိုးတွေပိုင်ဆိုင်တဲ့ အဲဒီပန်းခင်းကြီးတွေ၊ စိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီးတွေထဲမှာ ရာသီ အလိုက် ထွန်ယက်၊ စိုက်ပျိုး၊ ရေလောင်းပေါင်းသင်၊ ဆေးဖြန်း၊ ဆေးပက်၊ ခူးဆွတ်၊ ထုတ်ပိုး၊ ရောင်းချတဲ့ အလုပ် တွေကို မိုးလင်းကနေ မိုးချုပ် လုပ်ကိုင်နေကြသူတွေကတော့ မြန်မာနိုင်ငံသား အလုပ်သမားတွေပါ။

အလုပ်သမားများနှင့် မိသားစုတို့ နေထိုင်ရာ တဲအိမ်များ

ဒေသခံအလုပ်သမားအဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ စိုက်ခင်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား တသောင်း ကျော်ရှိပြီး အများစုကတော့ မိသားစုအလိုက် ပြောင်းရွှေ့နေထိုင် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
မဲဆောက်မြို့နဲ့ ကီလို(၃ဝ)ကျော်ကွာဝေးတဲ့ ဟွေနို့ကလယ်အရပ်မှာတော့ မြန်မာအလုပ်သမား အိမ်ထောင် စု ၁ဝဝ နီးပါးရှိပါတယ်။ သူတို့အားလုံး ခြံရှင်တွေ၊ စိုက်ခင်းရှင်တွေ နေရာချပေးတဲ့ မြေကွက်လပ်တွေမှာ ဟိုတစု၊ ဒီတစုနဲ့ တဲအိမ် လေးတွေ ထိုးပြီးနေကြပါတယ်။ နှင်းဆီခြံတခြံနဲ့ မနီးမဝေး မြေကွက်လပ်တခုမှာ တဲအိမ်လေး(၆)လုံးစုရှိတဲ့ အစုကတော့ ကိုဝင်းအောင်တို့ အစုပါ။ ကိုဝင်းအောင်တို့အစုက နှင်းဆီခြံ(၂)ခြံမှာ အလုပ်လုပ်ပါ တယ်။

နှင်းဆီစိုက်ခင်း

“ကျနော် ဒီနှင်းဆီခြံမှာလုပ်တာ (၁ဝ)နှစ်ကျော်ပြီ။ ကြာတော့ သူဌေးက ကျနော့်ကိုယုံပြီး နှင်းဆီခြံကို ကျနော်နဲ့ လွဲ ထားတာ။ ကျနော်ကပဲ ခြံနဲ့အလုပ်သမားတွေကို ကြီးကြပ်ရတယ်။ အလုပ်သမားတွေက ကိုယ့် လူမျိုးအချင်းချင်းဆိုတော့ ပြဿနာမရှိဘူး။ ပြဿနာက နှင်းဆီခြံကို ဖြန်းရတဲ့ ဆေးတွေကို ကိုင်တွယ်နေရတဲ့ ပြဿနာပဲ လို့ ကိုဝင်းအောင်က ပြောပါတယ်။
ကိုဝင်းအောင်ရဲ့ မျက်လုံး(၂)လုံးဟာ ပတ္တမြားကျောက်လို နီရဲနေပြီး၊ မျက်ရည်ပူတွေယိုစီးကာ မခံချိ မခံသာ အောင် ကြိမ်းစပ်ကိုက်ခဲနေပါတယ်။ ဒီဝေဒနာကို သူ ခံစားရတာ (၇)နှစ်နီးပါးရှိပါပြီ။ နှင်းဆီပင်တွေ ကြီး ထွားဖို့၊ နှင်းဆီပန်းတွေ ဝေဝေ ဆာဆာ ဖူးဖို့ပွင့်ဖို့အတွက် ဆေးစပ်၊ ဆေးဖြန်းတဲ့အလုပ်ကို နှစ်ပေါင်းများစွာ လုပ် ခဲ့ရလို့ ဒီဝေဒနာကို သူရခဲ့တာလို့ ကိုဝင်းအောင်က ပြောပါတယ်။

“နှင်းဆီကစိုက်ပြီး သိပ်မကြာဘူး အပင်သန်အောင် ဆေးဖြန်းရတယ်။ ဖူးချိန်၊ ပွင့်ချိန်ဆိုရင် တပတ်ကို(၁)ကြိမ်။ တကြိမ်ကို မနက်(၁)ခါ ည(၁)ခါဖြန်းရတယ်။ မိုးရွာတဲ့နေ့တွေဆို ဆေးကပယ်တော့ တနေ့ကို(၃)ကြိမ် နေ့တိုင်း ဖြန်းရတယ်။ ဖြန်းဖို့ဆေးကို အရင်ဆုံး အချိုးကျအောင် စပ်ရတယ်။ ဆေးကလည်း အရမ်းပြင်းတော့ ကြာတော့ မျက်လုံးကိုထိတာပေါ့ လို့ ကိုဝင်းအောင်က ပြောပါတယ်။

နှင်းဆီခြံတွေကိုဖြန်းတဲ့ ဓာတုဆေးဟာ ကိုဝင်းအောင်ကိုသာမက နှင်းဆီခြံလုပ်သားတွေနဲ့ သူတို့ရဲ့ မိသား စုတွေကိုပါ ဒုက္ခပေးနေတာပါ။ ဒီဒုက္ခကို သိနေပေမယ့် နှင်းဆီခြံက သူတို့ မိသားစုတွေကို ထမင်းကြွေးနေတာ ဆိုတော့ နှင်းဆီခြံနဲ့ ဝေးရာကိုလည်း သူတို့ ရှောင်ပြေးလို့မရ ဖြစ်နေပါတယ်။

ဦးမိုးညိုတို့အစုကလည်း ဂေါ်ဖီထုတ်တွေကြီးထွားဖို့၊ ကြက်သွန်ခင်းတွေ အောင်မြင်ဖို့အတွက် ဆေးပက်ဆေးဖြန်း အလုပ်ကို လုပ်ကြပါတယ်။ ဒီအလုပ်ကို (၃)နှစ်နီးပါးလုပ်ခဲ့တဲ့ ဦးမိုးညိုတယောက်လည်း လက်ဖဝါးကြီးတွေ ယောင်ယမ်းကိုက်ခဲ ပြီး ညည အိပ်မရလို့ ငုတ်ထုတ် ထထိုင်နေရပါတယ်။

ဦးမိုးညို၏ ယောင်ယမ်းနေသော လက်များ

“လက်ကကိုက်တာ ဘယ်လိုမှ မခံနိုင်ဘူး။ အိပ်လို့လည်း မရဘူး။ ညဘက်တွေဆို အေးတော့ပို ဆိုးတယ်။ ရေ နွေးပူနဲ့ ထပြီးစိပ်ရတယ်။ နေသာသလိုရှိပေမယ့် ကိုက်တာကတော့ မပျောက်ဘူး။ ပြီးခဲ့တဲ့လက မြန်မာပြည်ပြန် ပြီး ဆရာဝန်တွေ၊ ဗိန္ဓောဆရာတွေနဲ့ ကုကြည့် သေးတယ်။ နွားတရှဉ်းနဲ့ လယ်တခင်းသာ ကုန်သွားတယ် မသက်သာဘူး လို့ ဦးမိုးညိုက ပြောပါ တယ်။
ထွန်ယက်စိုက်ပျိုးကြတဲ့ အလုပ်သမားတွေ ဓာတုဆေးတွေကြောင့် ဒုက္ခရောက်ကြရသလို ရာသီအလိုက် လိမ္မော် သီးခူး၊ ပြောင်းဖူးချိုး၊ ငရုပ်သီးစွတ်၊ အာလူးဖော်တဲ့ အလုပ်တွေကို လုပ်နေကြတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကလေးတွေမှာ လည်း စိုက်ခင်းရှင်တွေ၊ ခြံရှင်တွေတိုက်ကြွေးတဲ့ စိတ်ကြွဆေးတွေကြောင့် အခက် ကြုံနေရတယ်လို့ မြန်မာအလုပ်သမားတွေ က ပြောကြပါတယ်။
ခြံရှင်တွေ၊ စိုက်ခင်းရှင်တွေက သူတို့အလုပ်တွေ ငွေကုန်ကြေးကျနည်းနည်းနဲ့ ရက်တိုတိုအတွင်းမှာ ပြီး မြောက်နိုင်ဖို့အတွက် စိတ်ကြွဆေးကို အလုပ်သမားတွေကိုတိုက်တဲ့ သောက်ရေ၊ အချိုရည်တွေထဲမှာ ထည့်ပြီး တိုက်ကြတာပါ။ အတွေ့ အကြုံရှိတဲ့ အလုပ်သမားတွေက ဒီအန္တရာယ်ကို သတိရှိရှိနဲ့ ရှောင်ရှားနိုင်ကြပေမယ့် တချို့ကတော့ အလုပ်ရှင် လုပ်သမျှငုံခံ နေရပါတယ်။


သီးနှံခင်းများ၊ ထိုစိုက်ခင်းများထဲမှာပင် မြန်မာလုပ်သားတို့ ဥပဒေမဲ့သတ်ဖြတ်ခြင်း ခံကြရသည်
“သူတို့ ပြောသလို မလုပ်ရင်၊ သူတို့ကို အာခံတယ်လို့ထင်ရင် ခြံရှင်တွေ၊ စိုက်ခင်းပိုင်ရှင်တွေက သူတို့ လက်သပ်မွေးထားတဲ့ လူဆိုးလူမိုက်တွေ၊ လူယုံတွေနဲ့ ကျနော်တို့ကို ဒုက္ခအမျိုးမျိုးပေးတာ။ တချို့ အသတ် ခံရတာတွေ တောင်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ မပြောရဲဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ရဲဘူးလို့ အလုပ် သမားတဦးက ပြောပြပါတယ်။
မြို့နဲ့အလှမ်းဝေးတဲ့ စိုက်ခင်းတွေ၊ ခြံတွေထဲမှာနေကြတဲ့ မြန်မာအလုပ်သမားတွေဟာ အန္တရာယ်အမျိုးမျိုး ကြားမှာ ဝမ်းကြောင်းနေကြရတာပါ။ ကံမကောင်း အကြောင်းမလှတဲ့အခါမှာ အဲဒီစိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီး တွေဟာ သူတို့ကို မြှုပ်နှံပစ်မယ့် နေရာဆိုတာကိုလည်း သူတို့ သိနေကြပါတယ်။
ဒါပေမယ့်လည်း အဲဒီပန်းခင်းကြီးတွေ၊ စိုက်ခင်းကြီးတွေ၊ ခြံကျယ်ကြီးတွေက သူတို့ကို အလုပ်ပေး ထမင်း ကျွေးထားတာပါ။ ဒါကြောင့်လည်း နှင်းဆီတွေ ဖူးဖို့ပွင့်ဖို့၊ အသီးအနှံတွေအထွက်တိုးဖို့အတွက် သူတို့အားလုံး စိုက်ခင်းတွေ၊ ခြံကျယ်ကြီး တွေထဲမှာ အလုပ်တွေဆက်ပြီး လုပ်ကြရဦးမှာပါ။
( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ရေခြားမြေခြားကို ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။ )

Saturday, October 31, 2009

10th Annual Burmese Literary Talk at SF Bay - 26th Sept 2009



ခိုင်မာကျော်ဇော - နယ်စပ်လမ်းက စာကဗျာ
ဆန်ဖရန်ဘေးဧရိယာ BADA အဖွဲ့၏ ၁၀ ကြိမ်မြောက် စာပေဟောပြောပွဲ ရုပ်သံမှတ်တမ်း - အပိုင်း ၁
မိုးမခမီဒီယာက ရိုက်ကူးတင်ဆက်သည်
အောက်တိုဘာ ၃၁၊ ၂၀၀၉

Thursday, October 29, 2009

KMKZ - RFA 02


နယ်စပ်လမ်းက ဝမ်းတထွာ ၂
ခိုင်မာကျော်ဇော
အောက်တိုဘာ ၂၉၊ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့လေးကို နံနက်ဝေလီဝေလင်းအချိန်တိုင်း လှုပ်နှိုးနေသူ တွေကတော့ မဲဆောက်မြို့ကို ဈေးရောင်းထွက်ကြမယ့် ဈေးသည်တွေပါ။
ဈေးသည်တချို့က မဲဆောက်မြို့ကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပေါ်ကနေ ဝင်ရောက်ကြပြီး တချို့ဈေးသည် တွေက သောင်းရင်းမြစ်ကမ်းတလျှောက်က ခိုးပေါက်တွေကနေ ဝင်ရောက်ကြပါတယ်။
မဲဆောက်မြို့ကို ခိုးပေါက်တခုကနေ ဝင်ရောက်နေကြသူတွေကတော့ မြဝတီမြို့စွန်က လမ်းလျှောက်ဈေးသည်တွေပါ။ တနေ့လုပ်မှာ တနေ့စားရတဲ့ သူတို့ဟာ မဲဆောက်မြို့စွန်က လယ်ကွင်းတွေရှိရာနဲ့ အမှိုက်ပုံကြီိးတွေရှိရာကို နေ့စဉ်နေ့တိုင်း ဈေးရောင်းထွက်ကြပါတယ်။
မနက်စောစော ဈေးရောင်းထွက်ဖို့အတွက် ပစ္စည်းတွေကို ညဦးထဲက သူတို့ ထုပ်ပိုးပြင်ဆင်ထားကြပြီး မနက်လင်းတာနဲ့ ခိုးပေါက်တခုဆီကို အပြေးအလွှားသွားကြပြီး မဲဆောက်ကမ်းကို သူတို့ ကူးကြပါတယ်။ ကံမကောင်းအကြောင်း မလှတဲ့ နေ့တွေဆိုရင် ခိုးပေါက်တွေမှာ ပိတ်စောင့်နေတဲ့ နယ်ခြားစောင့်အဖွဲ့တွေ၊ ထိုင်းရဲတွေရဲ့ အရိုက်အနှက်ကိုလည်း သူတို့ ခံကြရပါတယ်။
“ကျမတို့က တံတား ဖြတ်ခမပေးနိုင်လို့ ခိုးပေါက်တွေကနေ ကူးကြတာ။ ဈေးရောင်းလို့ မြတ်တာက တနေ့စာ တနေ့ စားဖို့ပဲရတာ။ အသွားအပြန် တံတားဖြတ်ခံပေးရရင် ကျမတို့ ဘာနဲ့သွားစားမလဲ။ ခိုးကူးလို့ မိသွားတော့တော့လည်း သူများ လုပ်သမျှ ခံရတာပဲ
လို့ ဈေးသည်အမျိုးတဦးက ပြောပါတယ်။

သူတို့ကို ခိုးပေါက်တွေကနေစောင့်ပြီး ငွေတောင်းနေသူတွေလည်းရှိပါတယ်။
“ခိုးပေါက်တွေကနေစောင့်ပြီး စစ်ယူနီ ဖောင်းကြီးတွေနဲ့ ပြောင်ပြောင်ကြီးကို တောင်းတာ၊ မပေးလို့လည်းမရဘူး။ ဗမာကတမျိုး ထိုင်းကတမျိုးနဲ့ အမျိုးမျိုးကြုံရတယ်
လို့ ဈေးသည် အမျိုးသမီးတဦးက ပြောပါတယ်။
လမ်းလျှောက်ဈေးသည်တွေဟာ စစ်ယူနီဖောင်းဝတ်တွေ၊ နယ်ခြားစောင့်တွေ၊ ထိုင်းရဲတွေကို အမျိုးမျိုးရှောင်ကွင်း ကျော်လွှားရတဲ့အပြင် မြန်မာနိုင်ငံသားတွေကိုမြင်တာနဲ့ လူဆိုး၊ သူခိုးလို့ထင်တတ်ကြတဲ့ ထိုင်းလူမျိုးတွေရဲ့ အန္တရာယ်ကို လည်း သူတို့ သတိထားရပါတယ်။
“မဲဆောက်ကမ်းရောက်လို့ အရမ်းစောနေရင်လည်း လယ်ကွင်းတွေထဲ ကျနော်တို့ မသွားရဲသေးဘူး။ နီးရာ သစ်ပင် တွေ၊ ခြုံပုတ်တွေနားမှာ ခိုနေရတယ်။ ထိုင်းလယ်သမားတွေက သေနတ်ရှိတယ်။ ကျနော်တို့ကို သူခိုးတွေ၊ လူဆိုးတွေထင်ပြီး ပစ်မှာစိုးတယ်
လို့ လူငယ်တဦးက ပြောပါတယ်။

ကလေး၊ လူကြီး၊ ယောက်ျားမိန်းမ အသက်အရွယ်မျိုးစုံပါတဲ့ လမ်းလျှောက်ဈေးသည်တွေဟာ အတားအဆီးအမျိုးမျိုး အန္တရာယ်အမျိုးမျိုးကို ဖြတ်သန်းကျော်လွားပြီး ဝမ်းကြောင်းနေကြရတာပါ။
သူတို့ တနိုင်တပိုင် ထမ်းပိုးလာတဲ့ မြွေရေခွံ အိတ် တွေ၊ ထန်းခေါက်ဖာတွေ၊ ယိုးဒယားဆွဲချင်းအဟောင်းတွေထဲမှာ
ခေါက်ပြန်ပေးနဲ့ ယူလာတဲ့ ဆန်၊ ဆီ၊ ဆား။
ဖက်စိမ်းလေးတွေနဲ့ထုတ်ထားတဲ့ မြန်မာရိုးရာ မုန့်မျိုးစုံ။
ထန်းညက်ခဲထုတ်၊ သကြားထုတ်။ အချိုမှုန့်။ ကွမ်းယာ၊ ဆေးလိပ်၊ အချဉ်ထုတ်မျိုးစုံ။
တိုင်းရင်းဆေးမျိုးစုံ။ ဘုရားရှစ်ခိုးအမျိုးမျိုးနဲ့ သီးချင်းစာအုပ်အမျိုးမျိုး ပါပါတယ်။
ဒီပစ္စည်းတွေကို ထမ်းပိုးပြီး မဲဆောက်မြို့စွန်က လယ်ကွင်းတွေမှာနေထိုင်ကြတဲ့ မြန်မာတွေရှိရာ။ အမှိုက်ပုံကြီးတွေမှာ နေထိုင်ကြတဲ့ မြန်မာတွေရှိရာကို လယ်တခင်းပြီးတခင်း၊ တဲတလုံးပြီးတလုံး နောက်ဆုံး အမှိုက်ပုံကြီးတွေမှာ ဂိတ်ဆုံးထားပြီး သူတို့ လှည့်လည်ရောင်းကြရတာပါ။
“မိုးလင်းကနေမိုးချုပ် ခြေတိုအောင်ရောင်းမှ တရက်ကို ဘတ် ၅ဝ၊ ၆ဝ ရတာ။ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ဟိုအဖွဲ့ပေးရ။ ဒီအဖွဲ့ပေးရတဲ့နေ့တွေဆို အကြွေးတောင်တင်သေးတယ်။ ပစ္စည်းတွေက ခေါက်ပြန်ပေး ယူရောင်းရတာဆိုတော့ ငွေပြန်မပေးနိုင်ရင် နောက်နေ့အတွက် ပစ္စည်းယူလို့ မရတော့ဘူး
လို့ ဈေးသည် အမျိုးသားတဦးက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့်လည်း လမ်းလျှောက်ဈေးသည်ဘဝကနေ လယ်ကွင်းတွေရှိရာ။ အမှိုက်ပုံကြီးတွေရှိရာကို ရောက်သွားကြသူတွေလည်း ရှိပါတယ်။ တချို့လမ်းလျှောက်ဈေးသည်တွေကတော့ အသွားကုန် အပြန်ကုန်ရအောင် အမှိုက် ကောက်သမားတွေ စုဆောင်းထားတဲ့ ကော်ဗူး၊ ကော်ခွက်၊ ကြွေပန်းကန်၊ကြွေခွက်တွေကို လက်သိပ်ထိုးဝယ်ယူပြီး ပြန်ရောင်း ကြပါတယ်။

“ဒီပစ္စည်းတွေကို အထပ်ထပ်ဆေးကြောပြီး ပြန်ရောင်းရင် နည်းနည်းတော့ ကိုယ့်အတွက်ကျန်တယ်။ အသွားကုန် အပြန်ကုန်ရအောင် ဒီလိုပဲ ရောင်းရဝယ်ရတာပဲ။ ဒီလောက်လုပ်တာတောင်မှ မိသားစုတွေ ထမင်းနပ်မမှန်ချင်ဘူး
လို့ ဈေး သည်တဦးက ပြောပါတယ်။
တနေကုန် ခြေတိုအောင်ဈေးရောင်းရတဲ့ လမ်းလျှောက်ဈေးသည်တွေရဲ့ ဝင်ငွေဟာ သူတို့မိသားစုတွေ ဝေမျှစား သောက်ကြဖို့ အတွက်ဖြစ်သလို တခါတခါမှာ ထိုင်းရဲတွေ သောက်ဖို့စားဖို့အတွက်လည်း ဖြစ်ပါတယ်။ မနက်စောစော ဈေးရောင်းထွက်တဲ့ လမ်းလျှောက်ဈေးသည်တွေ မိုးစုန်းစုန်းချုပ်တဲ့အချိန်မှာ အိမ်တွေရှိရာ ပြန်ရောက်လာတတ်သလို တခါတခါ မှာလည်း မဲဆောက် အချုပ်ခန်းတွေထဲ ရောက်သွားကြပါတယ်။
ထိုင်းရဲတွေ ဘယ်လိုပဲပဲဖမ်းဖမ်း၊ အချုပ်ခန်းတွေထဲမှာ ဘယ်လောက်ပဲကြာကြာ မြဝတီမြို့က လမ်းလျှောက်ဈေးသည် တွေကတော့ နံနက်မိုးသောက်တာနဲ့ မဲဆောက်မြို့ကို ဈေးရောင်း ထွက်ကြဦးမှာပါ။


( အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သော ခိုင်မာကျော်ဇော၏ ရေခြားမြေခြား မြန်မာများ ပင်တိုင်ဆောင်းပါးကို ပြန်လည် ကူးယူတင်ဆက်ခြင်းဖြစ်သည်။ အသံလွှင့်ဆောင်းပါး မူပိုင်မှာ အာရ်အက်ဖ်အေ ရေဒီယို ဖြစ်ပါသည်။ သရုပ်ဖော် ဓာတ်ပုံများမှာ ခိုင်မာကျော်ဇော ရိုက်ကူးထားသောပုံများဖြစ်ပြီး ၎င်းခွင်ြ့ပုချက်ဖြင့် ဓာတ်ပုံများကို တင်ဆက်ပါသည်။ မြန်မာစာဖတ်သူတို့ ဖတ်ရှုနိုင်စေရန် အသံလွှင့်ဆောင်းပါးကို စာဖြင့် ပြန်လည်ကူးယူ တင်ဆက်ပါသည်။ )

Friday, October 16, 2009

Khaing Mar Kyaw Zaw - Garbage Lives at the Borders

နယ်စပ်လမ်းက ဝမ်းတထွာ ၁

ခိုင်မာကျော်ဇော

အောက်တိုဘာ ၁၇၊ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘတ်ဆောင်ကွင်းအရပ်မှာ မြန်မာနိုင်ငံသား ကလေးလူကြီး ၂ဝဝ ကျော်ဟာ အမှိုက်ကွင်းကြီးတခုရဲ့ ပတ်ပတ်လည်မှာ တဲအိမ်လေးတွေထိုးပြီး အမှိုက်ပုံကြီးတွေကို ထိုးဆွမွေနှောက်ပြီး ဝမ်းကြောင်းနေကြရ ပါတယ်။ သူတို့ဟာ မြန်မာပြည် မြို့ကြီးမြို့ငယ်တွေကနေ အကြောင်းအမျိုးမျိုးနဲ့ အမှိုက်ကွင်းကြီးရှိရာကို ရောက်ရှိလာကြ တာပါ။

တချိန်ကတော့ သူတို့ဟာ ရာဘာခြံစိုက်ခင်းပိုင်ရှင်တွေ၊ ကျေးရွာတွေမှာ အိုးပိုင်အိမ်ပိုင်တွေနဲ့ အတည်တကျနေ ထိုင်ကြသူတွေ၊ လယ်ယာလုပ်ငန်းတွေနဲ့ ဝမ်းကြောင်းကြသူတွေ၊ စစ်အစိုးရ စစ်တပ်တွေထဲမှာ စစ်မှုထမ်းခဲ့သူတွေဖြစ်ပါတယ်။ အခုလို ဆိုးဝါးနိမ့်ကျလှတဲ့ အခြေအနေမျိုးမှာတော့ နောက်ကြောင်းကန့်လန့််ကာတွေကို နာနာပိတ်ပြီး ဘဝဆိုးကြီးထဲမှာ မျက်လုံးစုံမှိတ်ပြီး အသက်ဆက်နေပုံရပါတယ်။

သူတို့နေတဲ့ အမှိုက်ကွင်းကြီးနဲ့ အမှိုက်ပုံကြီးတွေရှိရာကို ကျမ ၃ ကြိမ်တိတိ ရောက်ခဲ့ဖူးပြီး သူတို့နဲ့ စကားတွေလည်း ပြောခဲ့ဖူးပါတယ်။ အမှိုက်ပုံကြီးတွေကနေ ထိုးထွက်လာတဲ့ အနံဆိုးကြီးတွေကို နေ့ညမပြတ်ရူရိုက်ရင်း အမှိုက်သရိုက် အညစ်အကြေး ပေါင်းစုံကြားက ဗူးခွံ၊ ပုလင်းခွံနဲ့ ပလပ်စတစ်အိတ်စတာတွေကို သူ‹ထက်ငါ တိုးဝှေ့လုယက်ပြီး ရှာဖွေစားသောက်နေ ရတဲ့ သူတို့ဘဝက အလွန်တရာမှ ကြေကွဲစရာကောင်းလှပါတယ်။

ဘတ်စံကွင်းအရပ်က အမှိုက်ပုံကြီးတွေရှိရာကို မနက် ၄ နာရီကျော် ၅ နာရီအချိန်လောက် သွားကြည့်ရင် အမှိုက် ကွင်းကြီးရဲ့အလယ်မှာ ဘွတ်ဖိနပ်အရှည်ကြီးတွေစီး ပီနန်အိတ်ကြီးတွေလွယ်၊ ပေါက်ချွန်းလိုလို တံဇဉ်လိုလို တုတ်ချောင်း အရှည်ကြီးတွေကိုကိုင်ပြီး စီးတန်းစောင့်ဆိုင်းနေတဲ့ ကလေး၊ လူကြီိး၊ ယောက်ျား၊ မိန်းမ အသက်အရွယ်စုံတဲ့ လူတန်းရှည်ကြီး (၂)တန်းကို မြင်ကြတွေ့ကြရမှာပါ။ သူတို့ဟာ အမှိုက်ကားကြီးတွေ သယ်ဆောင်လာမယ့် ဗူးခွံ၊ ပုလင်းခွံ၊ ပလပ်စတစ်အိတ် မျိုးစုံ၊ အသီးအနှံ၊ အစားအသောက်၊ အသုံးအဆောင်တွေရဖို့အတွက် စီတန်းစောင့်ဆိုင်း နေကြတာပါ။

ကားကြီးတစီးစာ အကွာအဝေးရှိတဲ့ လူတန်းရှည်ကြီးထဲကို အမှိုက်ကားကြီးတွေဝင်ရောက် အမှိုက်တွေကို သွန်ထုတ် လောင်းချပစ်လိုက်တဲ့အခါမှာ သူ့ထက်ငါ တိုးဝှေ့လုယက်ကြတဲ့အသံတွေ၊ အမှိုက်တွေကို ထိုးဆွမွေနှောက်ကြတဲ့ အသံတွေ၊ အပြန်အလှန်ငြင်းခုန်ကြတဲ့သံတွေနဲ့ အမှိုက်ကွင်းကြီးတခုလုံး ပွက်ပွက်ညံနေပါတယ်။

အမှိုက်ကားကြီးတွေက မနက်၊ နေ့လည်၊ ညနေ တနေ့ကို (၃) ကြိမ်လာပါတယ်။ အဲဒီအချိန်မှာ သူတို့အားလုံး စီတန်း နေရာယူပြီးမှ သူတို့အလိုရှိတာကို ရှာဖွေယူရပါတယ်။ ကျန်အချိန်တွေမှာတော့ အမှိုက်ကွင်းတခုလုံးကို သူတို့ စိတ်ကြိုက် ရှာဖွေ မွေနှောက်ခွင့်ရှိပါတယ်။ ရလာတဲ့ ပစ္စည်းတွေကိုတော့ အဝယ်ဒိုင်တခုမှာပဲ သူတို့ ရောင်းရပါတယ်။

သူတို့အတွက် ဒီစည်းကမ်းချက်တွေကို ထုတ်ခဲ့သူက အမှိုက်ကွင်းကြီးကို လေလံယူထားတဲ့ ထိုင်းအမျိုးသားတဦးပါ။ သူက သူတို့ရဲ့ အဝယ်ဒိုင်ပိုင်ရှင်လည်းဖြစ် သူတို့အားလုံးရဲ့ အမှုအခင်းတွေကို ဒိုင်ခံဖြေရှင်းပေးသူလည်း ဖြစ်ပါတယ်။

“စည်းကမ်းမလိုက်နာတာတို့ ရတဲ့ပစ္စည်းကို သူ့ရဲ့အဝယ်ဒိုင်မှာမရောင်းပဲ တခြားမှာသွားရောင်းတာတို့လုပ်ရင် သူက ကျနော်တို့ကို အမှိုက်ကောက်ခွင့် မပေးဘူး။ နေခွင့်လည်း မပေးဘူး” လို့ လူငယ်တဦးက ပြောပါတယ်။

ဘတ်ငွေ ၂ဝ၊ ၃ဝ ရဖို့ မိုးလင်းကနေ မိုးချုပ်ထိ အမှိုက်ကွင်းကြီးထဲမှာ သူတို့ တနေကုန်ရတာပါ။ ဒီငွေဟာ သူတို့မိသားစုတွေအတွက် ဆန်ဖိုး၊ ဆီဖိုးပဲကာမိတယ်လို့ သူတို့က ပြောကြပါတယ်။ ကျန်တာတွေကို အမှိုက်ပုံကြီးထဲမှာပဲ သူ တို့ ရှာဖွေစားသောက်ရတယ်လို့ အမျိုးသမီးတဦးက ပြောပြပါတယ်။

“သူများက မကောင်းလို့ ပစ်လိုက်ပေမယ့် ကျမတို့ အတွက်တော့ အများကြီိး အသုံးဝင်ပါတယ်။ အမှိုက်ပုံကရတဲ့ အသားငါး၊ အသီးအနှံတွေကို ရေနဲ့ဆေးပြီး အဆင်ပြေသလို ချက်ပြုတ်စားသောက်ကြတယ်”လို့ သူက ဆက်ပြောပြပါတယ်။

ဈေးရပ်ကွက်ကလာတဲ့ အမှိုက်ကားကြီးတွေဆီက အသားငါး၊ ငါးခြောက်ငါးခြမ်း၊ အသီးအရွက်၊ ငရုပ်၊ ကြက်သွန်၊ ပဲစတာတွေကို သူတို့ရတတ်ပါတယ်။ သရက်သီး၊ ဖရဲသီး၊ လိမ်မော်သီး၊ မာလာကာသီး၊ ဒူးရင်းသီး၊ လိုက်ချီးသီးစတဲ့ ရာသီပေါ် အသီးအနှံတွေ စားရဖို့အတွက်လည်း ဈေးရပ်ကွက်ကလာတဲ့ အမှိုက်ကားကြီးတွေကို သူတို့မျှော်တတ်ပါတယ်။

အမှိုက်ပုံကြီိးကိုမှီပြီး၊ အမှိုက်ကားကြီးတွေကိုမျှော်ပြီး စားသောက်နေရတဲ့ဘဝကို သူတို့တဦးတယောက်မှ သဘော မကျကြပါဘူး။ ဒါပေမယ့် ဒီဘဝထဲကရုန်းထွက်ဖို့လည်း သူတို့မှာ လမ်းမမြင်ကမ်းမမြင်ဖြစ်နေပါတယ်။

“မြန်မာပြည်မှာ ဘယ်လို မှ လုပ်စား ကိုင်စားလို့မရတော့လို့ ဒီနိုင်ငံကိုရောက်လာတာ။ မြို့ထဲမှာလည်း ရဲတွေကအမြဲဖမ်းတော့ အမြဲတမ်းလိုလို ဟိုဘက်ကမ်းကို ပြန်ပို့ခံနေရတာ။ မိသားစုနဲ့ လုပ်ကိုင်စားသောက်ဖို့က အဆင်မပြေဘူး။ ဒီမှာနေရတာက နည်းနည်းတော့ တော်တာပေါ့”လို့ အမျိုးသားကြီးတဦိးက ပြောပြပါတယ်။

အမှိုက်ကွင်းကြီးပတ်ပတ်လည်မှာ နေကြတဲ့ သူတို့ကိုလည်း ထိုင်းရဲတွေက ချမ်းသာပေးတာမဟုတ်ပါဘူး။ မြို့ထဲနဲ့ မြို့ပြင် အဖမ်းအဆီးစိပ်တာနဲ့ ကျဲတာပဲ ကွာတာပါ။ ထိုင်းရဲတွေ သူတို့ကိုဖမ်းပြီး သူတို့ပြောတဲ့ ဟိုဘက်ကမ်းဆိုတဲ့ မြဝတီ ဘက်ကမ်းကို ဘယ်လောက်ပဲပြန်ပို့ပြန်ပို့ သူတို့ကတော့ မဲဆောက်မြို့စွန်က အမှိုက်ပုံကြီးရှိရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ မရောက် ရောက်အောင် ပြန်လာကြပါတယ်။

“ဟိုဘက်ကမ်းမှာဆိုရင် စားရာမဲ့သောက်ရာမဲ့နဲ့ ကျနော်တို့ သူတောင်းစားတွေဖြစ်သွားမှာ။ အဲဒီဘဝတော့ ကျနော် တို့ မရောက်ချင်ဘူး။ အမှိုက်ပုံက ညစ်ပတ်တယ်။ အ့နံ့ဆိုးတယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်ရှာတာကို ကိုယ်စားနေတာ။ ကျနော်တို့ ဘယ်သူ့ဆီမှာမှ လက်ဝါးဖြန့်ခံ စားနေတာမဟုတ်ဘူး။ ဘယ်သူ့ဆီကမှာမှလည်း မတရားလုယူ စားသောက်နေတာမဟုတ်ဘူး”လို့ အမျိုးသားကြီးတဦးက နာနာကျည်းကျည်းနဲ့ သူ့ရင်ဘတ်ထဲက စကားလုံးတွေကို အန် ထုတ်ခဲ့ပါတယ်။

ဒီစကားကို မြန်မာပြည်ကြီး ခေတ်မှီတိုးတက်ဖွံ့ဖြိုးနေပြီလို့ မျက်လုံးစုံမှိတ် ကြွေးကြော်နေကြတဲ့ မြန်မာစစ်ဗိုလ်ချုပ် ကြီးတွေ။ ကျမတို့ တိုင်းပြည်ရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ချယ်လှယ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ၊ ကျမတို့ပြည် သူတွေကို မတရားဗိုလ်ကျ အနိုင်ကျင့်စော်ကားပြီး စည်းစိမ်ယစ်နေကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို သိစေကြားစေချင် လိုက်တာ။

မြန်မာပြည်ကြီး ဆင်းရဲခြင်း ချောက်ကြီးထဲကို ထိုးကျနေပြီ။ မြန်မာပြည်သူပြည်သားတွေ ဆင်းရဲတွင်းဘယ်လောက်ထိ နက်နေပြီဆိုတာကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ သိများမှ သိပါလေစ။

( အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်တဲ့ ရေခြားမြေခြားမြန်မာများကို ပြန်လည် ဖော်ပြခြင်းဖြစ်သည်။)

Thursday, October 8, 2009

Khaing Mar Kyaw Zaw - Blood Sisters

စကားပြောသော သွေး

ခိုင်မာကျော်ဇော

အောက်တိုဘာ ၉၊ ၂၀၀၉

ဒီလဟာ ကျမရဲ့ မွေးလမို့လားတော့မသိ ဒီလထဲမှာ မောင်နှမတွေကို ကျမ သတိရနေမိတယ်။ ထူးထူးခြားခြား သတိရမိတာကတော့ အမကိုပါ။ အခုလည်း အမကို သတိတရ ရှိတာနဲ့ ဒီစာလေးကို ကျမ ရေးဖြစ်ပါတယ်။

အမနဲ့ကျမအကြောင်းကို စာလုံးတွေနဲ့ရေးချမယ်ဆိုတော့ ကျမ ဘယ်က ဘယ်လို စရမှန်းမသိ ဖြစ်နေပါတယ်။ ပုံပြင်တွေ၊ ဇာတ်ကြောင်းတွေပြောသလိုမျိုး ငယ်ငယ်တုန်းကလေလို့ ဇာတ်လမ်းစဖို့ကလည်း ခက်ခက်ပါပဲ။

အမနဲ့ကျမက တအူတုံထဲ ဆင်းခဲ့ကြတာမှန်ပေမယ့် အတူတူနေထိုင် ကြီးပြင်းခဲ့ကြတာ မဟုတ်လေတော့ အမနဲ့ ကျမရဲ့ ဇာတ်လမ်းကို ဘယ်ကဘယ်လို စရမှန်းမသိ ဖြစ်နေရတာပါ။

ကျမမှတ်မိတာက စပြောရရင် ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို တောရွာလေးတရွာကနေ ကျောင်းလာတက်တဲ့ တောသူ ကောင်မလေးတယောက်ကို မြို့က အိမ်ရှင်သူဌေးသမီးက အပေါ်စီးကနေ ဆရာလုပ်ဆက်ဆံခဲ့တာတွေက စပြီး ပြောရမလိုပါပဲ။

တကယ်လည်း အမကို ကျမ မလိမ်မိုးမလိမ္မာနဲ့ အဲဒီလို ပြုမူဆက်ဆံ ပြောဆိုခဲ့ပါတယ်။ မလိမ်မိုး မလိမ္မာလို့ပြောလို့ ကိုယ့်ကိုယ်ကို ကာကွယ်တယ်လို့တော့ ကျမအပေါ် ကောက်ချက်ချ မစောလိုက်ပါနဲ့။ အဲဒီအချိန်က အမကို ကျမရဲ့ အမပါလို့ ဘယ်သူမှ ကျမကို ပြောပြခဲ့တာ မဟုတ်ပါဘူး။

မိဘတွေဆုံးပါးသွားလို့ တကောင်ကြွက်ဖြစ်နေတဲ့ ကောင်မလေးတယောက်ကို အဖိုးအဖွားတွေက သနားလို့ မွေးစားထားသလိုလို။ အဖိုးအဖွားတွေနဲ့ ကျေးဇူးမကင်းတဲ့သူတွေရဲ့ ကလေးတဦး လိုလို။ ကျမနဲ့ သွေးအများကြီးဝေးတဲ့ ဝမ်းကွဲမောင်နှမလိုလိုနဲ့။ ဘယ်သူကမှ အမနဲ့ ကျမကို ညီိအမရင်းတွေပါလို့ တိတိကျကျ ပြောပြခဲ့တာမဟုတ်ပါဘူး။

မြို့ပြတွေမှာ နေခဲ့ရပြီး အားနည်းချက်တခုကြောင့် အဖိုးအဖွား၊ မိဘများရဲ့ အလိုလိုက်ခံဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကျမဟာ အမကိုသာမက မိဘဖိုးဖွားများနဲ့ ဦးလေး၊ အဒေါ်များ၊ မောင်နှများနဲ့ သူငယ်ချင်းများကို နေရာတကာမှာ ဆရာလုပ်တတ်ပြီး မဟုတ်မခံစွာစွာတာတာ လုပ်တတ်တဲ့အကျင့်ကြောင့် ရိုးရိုးအအ တောကတက်လာတဲ့အမကို အပေါ်စီးကနေ ဆက်ဆံခဲ့မိတာပါ။

ဒီအကြောင်းတွေပြောရရင် ကျမ ဝမ်းလည်းနည်းပါတယ်။ ပြီးတော့ ကျမငယ်ဘဝ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ အကျင့်ဆိုးအတွက်လည်း နောင်တများစွာ ရမိပါတယ်။

အမနဲ့ ကျမ စပြီးဆုံခဲ့တာက ကျမ အဖိုးအဖွားတွေရဲ့ အိမ်မှာပါ။ အမက ကျမ အဖိုးအဖွားအိမ်မှာနေပြီး ကျောင်းလာတက်တာပါ။ အမက ကျမရဲ့ မောင်နှမအရင်းအခြာတွေထဲမှာ အကြီးဆုံး သမီးပါ။ ကျမ အပါး(အဖေ)တော်လှန်ရေးသမားကြီးရဲ့ အချစ်ဆုံးသမီးလည်း ဖြစ်ပါတယ်။ အကြီးဆုံးသမီး၊ အချစ်ဆုံးသမီးဆိုတော့ အမက သူ့မိသားစုတွေထဲမှာတော့ ဗိုလ်ပါပဲ။

ကျမနဲ့တွေ့တော့ အမဟာ ကျမ ဗိုလ်ကျသမျှခံ ကျမပြောခိုင်းသမျှ လုပ်ပေးရတဲ့ ကျမ ခိုင်းဖတ် ဖြစ်နေပါတယ်။

ကျမကို မွေးစားခဲ့တဲ့ ကျမအဖေက စစ်မှုထမ်းတဦိးပါ။ အဖေ တာဝန်ကျတဲ့ မြို့ကနေ တောမှာရှိတဲ့ ကျမတို့ အဖိုးအဖွားတွေရှိရာကို ကျမတို့ နှစ်စဉ်နှစ်တိုင်း အလည်လာလေ့ရှိပါတယ်။ အဖေအမေတွေ မလာရင်တောင်မှ အဖိုးရဲ့ အသည်းစွဲဖြစ်တဲ့ ကျမကို တနှစ်တခေါက် ပြန်ပို့ပေးဖို့ အဖိုးက ကျမအမကို စာရေးမှာတတ်ပါတယ်။

နွေကျောင်းပိတ်ရက်တခုမှာ ကျမတို့ရွာကို အလည်ပြန်တော့ အမနဲ့ကျမ စပြီးဆုံရပါတယ်။

ကျောင်းကြီးပိတ်ပေမယ့် အမက မိဘတွေရှိတဲ့ တောလှန်ရေးနယ်မြေကို ပြန်လမ်းမသာသူ မို့ ပြန်ခွင့်မရဘဲ ကျမနဲ့ ဆုံခဲ့ရတာပါ။ အမဟာ ကျမထက် (၈) နှစ်ကျော်ကြီးပါတယ်။ ဒါပေမယ့် အမနဲ့ကျမ ပညာအရည်အချင်းအရတွက်ရင် (၁)တန်း ပဲကွာပါတယ်။ အဲဒီအချိန်က ကျမက (၃)တန်း၊ အမက(၄)တန်းပါ။

ကျမထက် အသက်များကြီးကွာပြီး အတန်းသိပ်မကွာတဲ့ အမကို ကျမက အထင်သေးပါတယ်။ ပြီးတော့ အမရဲ့ဝတ်စားဆင်ယင်မှု၊ အပြောအဆို အနေအထိုင် ထုံထုံအအ ဖြစ်မှုတွေကို ကျမ အထင်သေးပါတယ်။ ကျမ အမကို ပိုပြီး အထင်သေးတာကတော့ ကျမကျောင်းက သင်တဲ့စာတွေ ရွတ်ပြဆိုပြရင် အမက မျက်လုံးကြီးတွေ ကလယ်ကလယ်နဲ့ ကျမကို ကြောင်ပြီး ကြည့်နေတာကိုပါပဲ။ သင်္ချာဆိုရင်လည်း အမက ကျမထက်ညံ့ပါတယ်။

အဲဒီအချိန်က အမကို ကျမ နှိမ်ချ ပြောတတ်တဲ့ စကားတွေကို ကျမ အမှတ်ရနေပါသေးတယ်။

“ ဒီအရွယ်ကြီးနဲ့ အတန်းက(၄)တန်းပဲရှိသေးတယ်”

“(၄) တန်းလည်း ပြောသေးတယ်။ (၃) တန်းစာမေးတော့လည်း တလုံးမှမရဘူး”

“သင်္ချာကလည်း ညံ့လိုက်တာ ခြာတူးကို လန်နေတာပဲ”။

နောင်နှစ်ပေါင်းများစွာကြာမှ ကျမအဖိုးအဖွားတွေပြောပြလို့ အမကြောင်းကို ကျမသိရပါတယ်။

“နင့်အမက တောထဲမှာပဲ (၁) တန်း အထိပဲ ကျောင်းနေရတာ”

“သူတို့ကျောင်းတွေကလည်း တနှစ်တကျောင်း ပြောင်းနေရတာ စာကောင်းကောင်း သင်ရတာမဟုတ်ဘူး”

“သူ့အဖေက သူ့သမီးကို စာတတ်စေချင်လွန်းလို့ အဖွားတို့ဆီပို့လိုက်တာ”

“သူ့အရွယ်ကလည်းကြီး အသက်ကလည်းကြီးတော့ အရွယ်နဲ့အတန်းမလိုက်မှာစိုးလို့ တွဲဖက်ကျောင်းက ဆရာလေးနဲ့တိုင်ပင်ပြီး သူ့ခင်မျာ (၄) တန်းစာ သင်နေရတာ။ ညည်းတို့ကျောင်းက စာတွေ သူဘယ်ရပါ့မလဲ”တဲ့။

ကျမ တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

နွေကျောင်းပိတ်ရက် (၃)လလုံးမှာ အမဟာ ကျမ အနိုင်ကျင့်သမျှ၊ ကျမ ဗိုလ်ကျသမျှကို ခံခဲ့ပါတယ်။ ကျမ ပြောသမျှ၊ လုပ်သမျှကို အမခေါင်းငုံ့ခံခဲ့တာကလည်း ကျမဟာ သူ့ရဲ့ညီမလေးတယောက်ဖြစ်နေတယ်ဆိုတာကို အမက သိထားလို့လည်း ဖြစ်ပါတယ်။

အမနဲ့ ကျမဟာ အထက်အောက် ညီမတွေ မဟုတ်ပါဘူး။ အမနဲ့ ကျမကြားမှာ အကိုတယောက် ရှိပါသေးတယ်။ သူတို့ကတော့ အမိုး အပါး (အဖေ အမေ) တွေပြောပြလို့ ကျမအကြောင်းကို ကောင်းကောင်းသိနေပုံရပါတယ်။ သူတို့မှာ ညီမတယောက်ရှိတယ်။ အဲဒီညီမက မြို့မှာကျောင်းသွားနေတယ်ပေါ့။ မြို့မှာကျောင်းနေတဲ့ ညီမက သူ့အမကို ဘယ်လို ဗိုလ်ကျတယ်ဆိုတာကိုတော့ အဲ့ဒီအမက သူတို့ကို ပြန်ပြောပြ မပြတော့ ကျမ အတိအကျမသိပါဘူး။

အမအပေါ် ကျမ အနိုင်ကျင့် ဗိုလ်ကျတာတွေကိုတော့ ကျမ အဖွားက တစက်မှ သဘောမကျပါဘူး။ သူ့မြေးကို ကျမက နှိပ်စက်တယ်ဆိုပြီး အဖိုးနဲ့အဖွား စကားတွေများကြပါတယ်။ ကျမတို့အကြောင်းကိုလည်း အဖွားက ဖွင့်ပြောမယ် တကဲကဲလုပ်တော့ ကျမအဖိုးက သူ့ငှက်ကြီိးတောင်ဓားကို ထဆွဲပါတော့တယ်။ ကျမဟာ မွေးစားသမီးတယောက်ဖြစ်တယ်ဆိုတာကို ကျမ အဖိုးအပါအဝင် ကျမမိဘတွေက ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး။ ဒီအမေ၊ ဒီဖေ၊ ဒီအဖိုးအဖွားဆိုတဲ့အသိနဲ့ ပျော်ရွင်ကြေနပ်နေတဲ့ ကလေးတဦးရဲ့ ပျော်ရွင်မှုကို ဘယ်အကြောင်းတရားနဲ့မှ ပျောက်ပျက် မသွားစေချင်ကြပါဘူး။ နောက်ဆုံးတော့ အဖွားကပဲ သူ့ဒေါသ သူသတ်ပြီး အလျော့ပေးခဲ့ရတယ်လို့ ကျမ ပြန်ပြီးသိခဲ့ရပါတယ်။

ကျမတို့အဖိုးအဖွားခြံမှာ နွေကျောင်းပိတ်ရက်ဆိုရင် မြေးမြစ်တွေ စုံကြပါတယ်။ အားလုံးထဲမှာ မြို့ကလာတဲ့ ကျမကတော့ ဗိုလ်ပါပဲ။ ကျမတို့အဖိုးအဖွားခြံက အတော့်ကိုကျယ်ပါတယ်။ စားပင်သီးပင်တွေလည်း တော်တော်စုံပါတယ်။ အုန်း၊ ငှက်ပျော၊ သရက်၊ မာလာကာတွေကို ကျမတို့တွေ မုန်းအောင်ကိုစားရပါတယ်။ ကျမတို့ကလေးတွေ တက်ထိုင်ပြီိး စိတ်ကြိုက်ခူးစားလို့ရတဲ့ အူနီသီး မာလကာပင်ကြီးတွေလည်းရှိပါတယ်။ ကျမ တွန်းချလို့ အမ မာလာကာပင်ကြီးပေါ်က ပြုတ်ကျပြီး ဒူးကွဲဖူးပါတယ်။

စာသင်တမ်းကစားတဲ့အခါ ကျမက ဆရာမ၊ အမက တပည့်။ စာလို့မရလို့ ဝါးခြမ်းပြားနဲ့ တဖြန်းဖြန်းရိုက်သူက ကျမ၊ အရိုက်ခံရသူက အမပါ။ ဈေးရောင်းတမ်းကစားရင် ကျမက ချိန်ခွင်တလုံးနဲ့ အချိန်ပြည့်ဈေးရောင်းနေသူဖြစ်ပြီး အမက အသီးအရွက်တွေ ရှာပေးရသူပါ။ စိန်ပြေးတမ်းကစားဖို့ ကျားဗိုလ်ဆွဲလို ဘယ်သူပဲနိုင်နိုင် ကျမက ပြေးသူ အမြဲဖြစ်ပြီး အချိန်ပြည့်လိုက်ရသူက အမပဲဖြစ်ပါတယ်။ ပြေးလွှားကစားကြတဲ့အခါမှာ ကျမဖိနပ်ကို ကိုင်ပေးရသူက အမပါ။ အမအပေါ်မှာ စိတ်နဲ့မတွေ့ရင် မတွေ့သလို ခေါင်းခေါက်တာတို့၊ ဆွဲစိတ်တာတို့ ကျမလုပ်တတ်သလို အမအကျီ င်္၊ စကတ်တွေကို ဘရိတ်ဓားနဲ့လှီးတာကိုလည်း ကျမ လုပ်တတ်ပါသေးတယ်။

အမကတော့ ကျမ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ခေါင်းငုံခံရှာပါတယ်။ အသားနာလို့ မခံနိုင်တဲ့အခါမျိုးမှာ အမ ကြိတ်ပြီးငိုပါတယ်။ နွေကျောင်းပိတ်ရက် (၃)လမှာ ကျမ ဒဏ်ကို အမတော်တော် ခံလိုက်ရပါတယ်။

နောက်တော့ အမနဲ့ကျမ အကြာကြီး ကွဲသွားခဲ့ပါတယ်။ အမနဲ့ ကျမ တော်တော်နဲ့ ပြန်မဆုံခဲ့ဘူး။ တနှစ်တခေါက် နွေကျောင်းပိတ်လို့ အဖိုးအဖွားတွေဆီကို ပြန်တဲ့အချိန်မှာ အမကို ကျမ သတိရတတ်ပါတယ်။ အမအကြောင်းကျမ မေးရင် “သူ့မိဘတွေဆီ ပြန်သွားပြီ”လို့ပဲ အဖိုးအဖွားတွေက ကျမကို အဖြေပေးတတ်ပါတယ်။ ကျမ (၉) တန်းနှစ်ရောက်တော့ အမနဲ့ကျမ တခါထပ်ပြီး ဆုံရပါတယ်။ အဲဒီအချိန်မှာ အမ အိမ်ထောင်ကျနေပါပြီ။

အရွယ်ကြီးပြီး စာမလိုက်နိုင်တော့ အမက ရှက်တယ်ဆိုပြီး မိဘတွေဆီပြန်ဖို့ပူဆာလို့ တောထဲကို အမပြန်ရောက်သွားပါတယ်။ အဲဒီနှစ်မှာပဲ အပါး(အဖေ)ရဲ့ တပ်ခွဲက ဆေးတပ်သားတယောက်နဲ့ အမ ခိုးရာလိုက်ပြေးပါတယ်။ အဲဒီအချိန်က အမအသက် (၁၇) နှစ်လို့ သိရပါတယ်။ အမက အပါးရဲ့ အချစ်ဆုံးသမီးပါ။ ဒီအတွက် အပါး ဒေါသူပုန်ထခဲ့တယ်လို့ ဆိုပါတယ်။ သူ့သမီးငယ်ငယ်ရွယ်ရွယ်လေးကို ခိုးပြေးရပါ့မလားဆိုပြီး သူ့ရဲ့ဘော်ကို သေနတ်ဖောက်၊ ခြိမ်းခြောက်တာတွေလုပ်တော့ အမနဲ့ သူ့ခင်ပွန်းတို့ တော်လှန်ရေးနယ်မြေထဲက ထွက်ပြေးလာကြပြီး သူ့ခင်ပွန်းရဲ့ ဇာတိရွာမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။

အမခင်ပွန်း မိဘတွေက ဥယျာဉ်ခြံတွေစိုက်ပါတယ်။ ဆင်တွေလည်းရှိတော့ အမခင်ပွန်းက ဆင်ဦိးစီးအလုပ်ကို လုပ်ပါတယ်။ အမတို့နေတဲ့ရွာက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက တောင်ခြေရွာလေးပါ။ သူတို့ တောင်ခြေရွာလေးကနေကြည့်ရင် ကျိုက်ထီိးရိုးဘုရားကြီးကို ထင်းထင်းလင်းလင်း မြင်ရပါတယ်။

အမက အပါးရဲ့အချစ်ဆုံးသမီးဖြစ်သလို ကျမအဖွားရဲ့ အသည်းကျော်လည်းဖြစ်တာမို့ ကျမအဖွားက အမ ဘယ်ရောက်ရောက် အမသတင်းကို အမြဲစုံစမ်းထောက်လှမ်းပါတယ်။ အမနေတဲ့နေရာ ဘယ်လောက်ဝေးဝေး မရောက်ရောက်အောင်လည်း သွားတတ်ပါတယ်။ အမနေတဲ့ တောင်ခြေရွာလေးကို အဖွားသွားတော့ ကျမအဖွားရဲ့ အဖော်အဖြစ်နဲ့ လိုက်ရပါတယ်။

ကျမ အဖိုးနဲ့ မိဘများကတော့ သိပ်သဘောမကျလှပါဘူး။ အမတို့မှာ ဆင်ရှိတာကို အဖွားပြောပြလို့ သိထားတဲ့ ကျမကတော့ ဆင်စီးချင်လို့ အဖွားနောက်ကို လိုက်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။

အဲဒီအချိန်မှာ အမနဲ့ ကျမ ဆက်နွယ်မှုကို ကျမ သိခဲ့ရတာက အမနဲ့ ကျမ မောင်နှမ(၂)ဝမ်းကွဲတော်တယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းကို အမေခင်းခဲ့တယ်ဆိုတာ ကျမနောက်မှ သိရပါတယ်။ အမနဲ့ ကျမ မောင်နှမအရင်းအခြာပါလို့ အမေက ကျမကို မသိစေချင်ပါဘူး။ သွေးက စကားပြောလာမယ်ဆိုတာကိုလည်း အမေ နားလည်လက်ခံထားပုံ ရပါတယ်။ ဒါကြောင့်လည်း မနီးမဝေးသွေးအဖြစ်နဲ့ အမေဇာတ်လမ်း ဆင်ခဲ့တာပါပဲ။ အမေနဲ့ အမကြားမှာ ဘယ်လို သစ္စာဆိုထားတယ် မသိပါဘူး။ အမက ကျမကို သူ့ညီမလေးဖြစ်တာကို သိနေခဲ့ပေမယ့် ကျမဟာ သူ့ညီမဖြစ်တယ်ဆိုတဲ့ စကားကို အမတခါမှ မဟခဲ့သလို။ တခါမှလည်း အရိပ်အရောင် မပြခဲ့ပါဘူး။ ဒါပေမယ့် အမ ကျမရဲ့ အနွံအတာတော့ အများကြီးခံခဲ့ပါတယ်။

တောင်ခြေရွာလေးမှာ အမနဲ့ကျမ ပြန်ဆုံကြတော့ အမအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ ကျမက အားတုံ့အားနာနဲ့ အမမျက်နှာ လှမ်းကြည့်ပါတယ်။ အမကတော့ သူ့ထုံးစံအတိုင်း မတုန်မလှုပ် အေးတိအေးစက်နဲ့။ ဒါပေမယ့် ကျမကြိုက်တတ်တဲ့ ဟင်းတွေကို အိုးကြီးခွက်ကြီးတွေနဲ့ အချိန်ပြည့်ချက်ပါတယ်။ ထမင်းလက်ဆုံ စားကြတော့လည်း စကားတလုံးမှ မပြောပဲ ကျမ ပန်းကန်ထဲကို ဟင်းတုံးတွေ အပြည့်ခပ်ထည့်ပေးခဲ့ပါတယ်။ အမတို့နေတဲ့ တောင်ခြေရွာကလေးကနေ ဆင်စီးပြီး ကျိုက်ထီးရိုးဘုရား ဖူးခဲ့ရတာကိုတော့ ကျမ အရမ်းပျော်ပါတယ်။ ဒီအတွက်လည်း အမကို ကျမ ကျေးဇူးအရမ်းတင်ပါတယ်။

အချိန်တန်လို့ အိမ်ပြန်ကြမယ်ဆိုတော့ အဖွားက အမကို တတွတ်တွတ်နဲ့ မှာပါတယ်။

ကျမကတော့ ဆင်ကြီးစီးပြီး ကျိုက်ထီးရိုးဘုရားဖူးခဲ့ရတဲ့အတွေ့အကြုံကို အဖိုးနဲ့ မိဘများကို ပြန်ပြောပြဖို့ပဲ ဇောကပ်နေခဲ့ပါတယ်။

ကျမ (၁ဝ)တန်းအောင်တဲ့နှစ်မှာတော့ ကျမ အပါး (အဖေ) ဆုံးပါတယ်။

အမိုး(အမေ)နဲ့ ကျမမောင်နှမတွေလည်း အမတို့နေတဲ့ တောင်ခြေရွာလေးကို ရောက်လာကြပါတယ်။ အဲဒီကာလတွေကတော့ ကျမဘဝမှန်ကို ကျမ သိခဲ့ရ။ ကျမနှလုံးသားတွေ ကြေကွဲရ။ ကျမစိတ်တွေ ရှုပ်ထွေးရ။ အမတို့နဲ့ ကျမ နီးလိုက်ဝေးလိုက် ဖြစ်ခဲ့ရတဲ့ ကာလတွေပါပဲ။

အမကို အမတယောက်လို့ သိခဲ့ရတဲ့အချိန်မှာ ကျမ နောင်တမျက်ရည် ကျမိပါတယ်။ အမကတော့ လောကဓံတရားကို နားလည်ထားပုံရပါတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲ။

ကျမ တောခိုမယ့်လို့ ဆုံးဖြတ်တော့ အမကို အရင်ဆုံး ဖွင့်ပြောဖြစ်တယ်။ အမက ကျမဆန္ဒကို အားလည်းမပေးသလို ကန့်လည်း မကန့်ကွက်ခဲ့ဘူး။

“လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်”တဲ့။

“ကိုယ်မှန်တယ်ထင်ရင် ကိုယ်လုပ်”တဲ့။

ပြီးတော့ အမက ကျမကို စကားတခွန်းပြောတယ်။

“တို့တတွေ ဘယ်လိုပဲ ကွဲခဲ့ကွာခဲ့၊ ဘယ်လောက်ပဲ ဝေးခဲ့နီးခဲ့၊ ဘယ်အရပ်ဘယ်ဒေသကိုပဲ ရောက်ခဲ့ရောက်ခဲ့ သွေးကတော့ စကားပြောမှာပဲ”တဲ့။

ဒီနေ့လည်း သွေးက စကားပြောတယ် ထင်ပါရဲ့။

ဒီနေ့တနေ့လုံး အမကို ကျမ ထူးထူးခြားခြား သတိရနေမိတယ်။

အောက်တိုဘာ ၆ရက်၊ ၂ဝဝ၉ ခုနှစ်။ ။

(သရုပ်ဖော် - အင်တာနက်။ http://www.linrollermenard.com/images/Friedman/Friedman_Sisters24x20.jpg )